ထားဝယ်ထောင်ပြင်ပ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရ

0
641
ပုံစာ - ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်း (ဝဲ) နှင့် ကိုဝင်းသီဟ (ယာ)

ထားဝယ်အကျဉ်းထောင် ပြင်ပသို့ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ ဧပြီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မတ်လ ဒုတိယအပတ်က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ဖုန်းအချို့ဖမ်းမိပြီး အကျဉ်းသား ၂၀ ကျော် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရကာ တိုက်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။

ယင်းအနက် နိုင်ငံရေးအကျဉ်းသား ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်းနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို ခေါင်းစွပ်အနက်ရောင် စွပ်ပြီး စရဖတပ်ဖွဲ့ဝင်များက ထောင်အပြင်ကိုခေါ်ထုတ်သွားကြောင်း DPPN က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးသည် ထောင်တွင်းမှ ဖုန်းဖြင့် PDF များကို အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲပြီး ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

စစ်ဆေးနေချိန်တွင် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရတာဖြစ်ကြောင်း စရဖတပ်ဖွဲ့ဝင်များက ထောင်အာဏာပိုင်များကို အကြောင်းကြားလာကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုမင်းသူနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို သက်သေခံပစ္စည်း လက်နက်များထားသည့်နေရာကို လိုက်ပြခိုင်းချိန်တွင် ထွက်ပြေးသဖြင့် စရဖက ပစ်သတ်လိုက်ရတာဖြစ်သည်ဟု ထောင်အာဏာပိုင်းများက ပြောဆိုကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်ကို ကိုးကားကာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

မတ်လ နောက်ဆုံးအပတ်တွင် မိသားစုဝင်များက ထောင်ဝင်စာ လာတွေ့ချိန်တွင် ကိုမင်းသူ သေဆုံးသွားပြီဆိုသည့် အကြောင်းကို ထောင်အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့ကို လာခေါ်ထုတ်သွားတာမှာ စစ်ကားနှစ်စီး အင်အားအပြည့်ပဲ။ သူတို့လုံခြုံရေးတင်းကြပ်စွာနဲ့ပဲ ခေါ်သွားတယ်။ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့မသိဘူး။ အဲဒီလိုအနေထားမှာ သူတို့က လက်နက်လုပြီးထွက်ပြေးတယ်ဆိုတာ စစ်တပ်ရဲ့ ဓာတ်ပြားဟောင်းတစ်ခုပဲဖြစ်တယ်။ ဘယ်နည်းနဲ့မှလည်း ထွက်ပြေးနိုင်တဲ့ အနေအထားမရှိဘူး” ဟု အထက်ပါ အမျိုးသားက ပြောဆိုသည်။

မိသားစုဝင်များမှာ ကိုမင်းသူနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို မည်သည့်နေ့ရက်က မည်သည့်နေရာတွင် သတ်ဖြတ်ခံရသည် ကိုလည်း မသိရသလို အလောင်းလည်း ပြန်မရကြောင်း DPPN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ် အစ္စလာမ်ဘာသာရေး ဆရာဖြစ်သူ ကိုမင်းသူ (ခ) မော်လဝီရှက်မင်းမှာ အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသူဖြစ်ပြီး လက်ကျန်အမှု ၃ ခုလည်းရှိသေးကြောင်း ဖော်ပြသည်။

အသက် ၂၅ နှစ်ကျော်အရွယ် ကိုဝင်းသီဟမှာ အကြမ်းဖက် ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံနေရသူဖြစ်ပြီး မတ်လ ၂၃ ရက်တွင် ထောင်ဝင်စာသွားပို့သည့် မိသားစုကို ထောင်အာဏာပိုင်များက သေဆုံးသွားပြီဟု ပြောဆိုခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ကိုဝင်းသီဟ ထောင်ပြင်ပ ခေါ်ထုတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ Dawei Watch က မတ်လ ၂၆ ရက်တွင် ဖော်ပြခဲ့သည့် သတင်းကို http://www.daweiwatch.com/2024/03/26/news/dawei/72565/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။