ရေဖြူ၊ ဖောင်းတောရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ယနေ့နံနက်တွင် ပစ်သတ်ခံရ

0
762
ပုံစာ - ဖောင်းတောရွာအုပ်ချုပ်ရေးမှူးရုံး

ရေဖြူမြို့နယ် ၊ ဖောင်းတောရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးတင့်ကို ယနေ့(ဧပြီ ၃) နံနက် ၁ နာရီဝန်းကျင်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ရွာသားများထံကသိရသည်။

မော်လမြိုင်မြို့တွင် သွားရောက်ရှောင်တိမ်းနေသည့် အသက်၅ဝ ကျော်အရွယ် ဦးစိုးတင့် ဖောင်းတောနေအိမ်သို့ ပြန်ရောက်နေချိန်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ မော်လမြိုင်ကပြန်လာပြီး တစ်ပတ်လောက်တော့ကြာပြီ။ အိမ်အပြင်တောင်သိပ်မထွက်ဘူး။ မျက်နှာကျက် ထပ်ခိုး မှာပဲစားတယ်။ အဲဒီမှာပဲအိပ်တယ်။ အခုလာပစ်သွားတာလည်း ခေါ်ချတာမဆင်းလို့ အဲ့အပေါ်မှာပဲပစ်သတ်သွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

ည ၁၂ နာရီ မိနစ် ၄၀ တွင် သေနတ်သံ အချက် ၂၀ ကျော်ကြားခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

ပစ်သတ်ခံရပြီးနောက် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကားအငယ်လေးစီးမနက် ၃နာရီတွင်ရောက်ရှိလာပြီး တစ်နာရီနီးပါးစစ်ဆေးကာပြန်သွားကြောင်း ရွာသားများကဆိုသည်။

အာဏာသိမ်းပြီးနောက် ဖောင်းတောကျေးရွာအုပ်စု တွင် ယခုပစ်သတ်ခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မည်သည့်အဖွဲ့က ပစ်သတ်သွားကြောင်းကို မသိရသေးပေ။