ထားဝယ်မြို့နှင့် ခုနစ်မိုင်အကွာ မောင်မယ်ရှောင်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်နေ

0
840

ထားဝယ်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်၌ ယနေ့ မတ်လ ၃၁ရက်တွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ နံနက် ၇နာရီခွဲကစပြီး စစ်‌ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Dawei Watch က ဒေသခံများကို ဆက်သွယ်မေးမြန်းစဉ် နံနက် ၈ နာရီခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်။

မတ်လ ၃၀ ရက်နေ့က မောင်မယ်ရှောင်မှ ပ‌ဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ ရေဝိုင်းရွာသို့ ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က လာရောက်ပိတ်ချလိုက်ကြောင်း ဒေသခံကပြောသည်။

ထို့နောက် ယနေ့ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်မယ်ရှောင်-ဇာဟာလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများ ယနေ့ နံနက်ပိုင်းတွင် အင်အားအများအပြား ရောက်ရှိနေကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

မောင်မယ်ရှောင်ရွာတွင် ယခုလပထမပတ်ကစပြီး စစ်ရေးပြင်းထန်နေသောကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေကြရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဒေသခံအချို့ နေရပ် ပြန်နေကြကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ တိုက်ပွဲကြောင့် နေရပ်ပြန် ဒေသခံများမှာ ပိတ်မိနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။