စစ်ကောင်စီက ကလိန်အောင်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဦးဖမ်းဆီး

0
889

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ကို မတ်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကား ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်သုံးလုံးကိုဝင်ရှာကာ လင်မယားနှစ်ဦး ကိုဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများကပြောသည်။

အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်၂လုံးနှင့် အမှတ် ၂ ရပ်ကွက်ရှိနေအိမ်တစ်လုံး တို့ရှာဖွေခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ အမှတ် ၃ ရပ်ကွက်မှာ လူမနေတဲ့အိမ်တစ်အိမ်နဲ့ အိမ်မှားပြီးရှာခံရတာတာတစ်အိမ် ရှာခံရတယ်။ အမှတ် ၂ က တစ်အိမ်ထပ်အရှာခံရတယ်” ဟု အမှတ် ၃ ရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။

ရှာဖွေခံရပြီးနောက် အမှတ် ၂ ရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် လင်မယားနှစ်ဦးကို ဖမ်းခေါ်သွားပြီး ယနေ့(မတ်၃၀) ညနေအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ကလိန်အောင်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး မည်သည့်အကြောင်းအရင်းကြောင့် အဖမ်းခံရသည်ကိုမူမသိရသေးပေ။

ယခုကဲ့သို့ ရှာဖွေစစ်ဆေးမှုပြုလုပ်သည့် မတ်၂၉ ရက်ညနေပိုင်းတွင် ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။