လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်

0
697

လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” အရင်က အလောင်းတွေ့တဲ့နေရာ ပေါက်ကွဲသံတစ်ချက်ကြားပြီးတာနဲ့ မြေတင်ကားတစ်စီး ဖြတ်သွားတာတွေရတယ်။ ကားပေါ်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တာ ကြားလိုက်ရတယ်”ဟု ဒေသခံကပြောသည်။

‌အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် ကားမှာ လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးလိုက်ပါလာသည့်ကားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါသည့် ကားဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လောင်းလုံးစခန်းမှူးကားနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ကားပါ “ဟု ၎င်းတပ်ဖွဲ့ဝင်ကပြောသည်။

ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါမြေတင်ကားမှာ ထားဝယ်မြို့ဘက် ဆက်လက်ထွက်ခွာသွားသည်ဟုဆိုသည်။

ပေါက်ကွဲပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ်မသိရသေးပေ။