ဇာဒီရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက်သတိပေး

0
1120

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာရှိ လောင်းကစားဝိုင်းကို ယနေ့(မတ်၂၆) ညနေ ၃ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း ရွာသားများကပြောသည်။

ဇာဒီရွာ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ရက်ရှည် ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကို သတိပေးလိုက်ခြင်းဖြစ်သည်။

“သေနတ်သံကတော့ လေး၊ငါးချက်ကြားရတယ်။ (လောင်း)ကစားသမားတွေကတော့ပြေးကြတာပဲ ပစ္စည်းကျန်ခဲ့တဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။

လောင်းကစားဝိုင်း သေနတ်ပစ်ဖောက်သတိပေးခံရပြီးနောက် ဆိုင်ကယ်အချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းသွားကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်ပိုင်ရှင်များကို နှုတ်ဖြင့်ခေါ်ယူသတိပေးပြီးနောက် ဆိုင်ကယ်များကို ပြန်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး၍ ရပ်နားထားသည့် လောင်းကစားဝိုင်းများမှာ ရန်ပုံငွေရှာသည်ဟုဆိုကာ ကံပေါက်တိုက်နယ် အတွင်းရှိကျေးရွာအချို့တွင် ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။