ဘန်ကောက်တွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့်အမှုဖွင့်

0
475
ပုံစာ - အလုပ်သမားများ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် ယနေ့ တိုင်ကြားနေစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၈ သိန်းကျော် မရသဖြင့် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးသို့ တိုင်ကြား ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

ဘန်ကပီနယ်မြေရှိ ANDAMAN CONSTRUCTION တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၃ ဦးသည် လုပ်အားခ တစ်လစာနှင့်အချိန်ပိုကြေးများအတွက် လုပ်အားခ စုစုပေါင်း ဘတ် ၈ သိန်းကို ရရှိခြင်းမရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

လုပ်အားခတောင်းခံသည့်အချိန်တွင်လည်း အလုပ်ရှင်ဘက်က နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေခဲ့သဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။

“အလုပ်လည်း ပေးမဆင်းတော့ဘူး။ လုပ်အားခလည်း မရှင်းပေးဘူး။ နောက်ပြီးတော့ ဘတ် (နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်) ဖိုး ပိုက်ဆံတွေဖြတ်ထားတယ်။ အထောက်အထား ဘာမှမရဘဲနဲ့ ပိုက်ဆံပဲ ဖြတ်ထားတာ အဆင်မပြေဘူးလေ။ ညမတို့မှာ စားဝတ်နေရေးက ရှိနေသေးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် လုပ်အားခလည်း မရသည့်အပြင် ဘတ်ကတ် ခေါ် ပန်းရောင်ကတ်အတွက် ငွေကြေးဖြတ်ထားသဖြင့် စားဝတ်နေရေးအခက်အခဲများစွာကြုံတွေ့နေရကြောင်း အထက်ပါ အလုပ်သမားက ဆိုသည်။

ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ဘတ် ၁၈၅၀၀ နှင့် အလုပ်လျှောက်ထားခ ဘတ် ၂၅၀၀ စုစုပေါင်း ဘတ် ၂၁၀၀၀ စီ ကောက်ခံထားခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောဆိုသည်။

ကုမ္ပဏီဘက်က ပန်းရောက်ကတ်အတွက် ဘတ် ၆ သိန်းကျော်အထိ ကောက်ခံထားသော်လည်း ပန်းရောင်ကတ်ပြုလုပ်ရန် စာရွက်အတုများသာ ထုတ်ပေးထားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် WAG ထံသို့ လာရောက်အကူအညီတောင်းခံလာသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“အလုပ်သမားတွေက ဖမ်းဆီးခံရမယ့် အခြေအနေအထိဖြစ်နေတယ်။ ဘတ်က အတုလား အစစ်လား အလုပ်သမားတွေက မသိနိုင်ဘူးလေ။ အခုတော့ စက်ရုံကိုရော စက်ရုံက မြန်မာစကားပြန်တွေကိုရော တရားစွဲထားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခြင်းမခံရရန်အတွက် မြန်မာအလုပ်သမားများကို စာထုတ်ပေးရန် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးထံသို့ တောင်းဆိုထားပြီး လုပ်အားခများကိုလည်း အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်း အလုပ်သမားများနှင့် WAG အဖွဲ့ထံမှ သိရသည်။