စစ်မှုထမ်းရန် အရွေးခံရသူ၏ မိသားစုကို ထောက်ပံ့ရန်ဆိုကာ ကျန်အိမ်ထောင်စုများထံမှ ငွေတောင်း

0
502
ပုံစာ - ကလိန်အောင်တံတားထိပ်တွင် စစ်မှုထမ်းအကြောင်းအရာများ ဖော်ပြထားသည့် လက်ကမ်းစာစောင်ဝေနေစဥ် (၂၀၂၄ ဖေဖော်ဝါရီလ) Photo - တိုင်းပြန်/ဆက်

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသူ၏ မိသားစုကို ငွေကြေးထောက်ပံ့နိုင်ရန်အတွက် အခြားအိမ်ထောင်စုများက ငွေကြေးထည့်ဝင်ရမည်ဆိုကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဓမ္မငွေတောင်းခံနေကြောင်းသိရသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင်လည်း စစ်မှုထမ်းရန် သင်တန်းသွားရောက်မည့်သူ၏ မိသားစုအတွက် ထောက်ပံ့စရိတ် ထည့်ဝင်ရကြောင်း မြို့ခံများကပြောသည်။

“(တစ်အိမ်)တစ်သောင်းစီထည့်ရတယ်။ အသက်ပြည့်တဲ့သားသမီးရှိတဲ့အိမ်ဆိုရင် သုံးသောင်းနဲ့အထက် ထည့်ရတယ် ၊ တစ်လတစ်ခါထည့်ရမှာလား ၊တစ်ခါတည်းအပြီးလားတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောပြသည်။

ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်လုံးကျွတ် အစည်းအဝေး ကို မတ်လ ၁၆ ရက်က ကလိန်အောင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်သူမရှိသဖြင့် အစည်းအဝေးပျက်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။

မတ်လ ၁၈ ရက် တွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူရှိသည့် အိမ်ထောင်စုများကို သီးသန့်အစည်းအဝေး ပြန်ခေါ်ယူပြီးနောက် စစ်မှုထမ်းသင်တန်းတက်ရန် တစ်ဦးရွေးချယ်ထားပြီးဖြစ်ကြောင်းနှင့် ၎င်းအတွက်ထောက်ပံ့ငွေထည့်ပေးရန် ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ခဲ့သူတစ်ဦးက ပြောပြသည်။

အလားတူ မိကျောင်းလှောင်ရွာသစ်တွင်လည်း စစ်မှုထမ်းရန် သင်တန်းတက်မည့်သူ၏ မိသားစုအတွက် ထောက်ပံ့ငွေမှုကောက်ခံမှုရှိကြောင်း ကလိန်အောင်ဒေသခံများကဆိုသည်။

ရေဖြူမြို့ပေါ်ရပ်ကွက်များ နှင့် ဖောင်းတောကျေးရွာအုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူးများက အစည်းအဝေး ခေါ်ယူ၍ ထောက်ပံ့ငွေကောက်ခံရန် ညှိနှိုင်းမှုရှိခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြန်ပြောပြသည်။

စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့်တွင် ယခုကဲ့သို့ ငွေကြေးကောက်ခံနေမှုမှာ မှန်ကန်ကြောင်းနှင့် သိရှိကြောင်း စစ်ကောင်စီဘက်ကဝန်ခံထားသည်။

ထောက်ပံ့ငွေကောက်ခံခြင်းသည် စစ်မှုထမ်းမည့်သူများအတွက် လစာအနေနှင့်သုံးမည်မဟုတ်ဘဲ စစ်မှုထမ်းမည့်သူများအတွက် နောက်ဆံမတင်းစေရန် ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ကြေးအနေဖြင့်ပေးရန် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ နည်းဥပဒေမထွက်သေးသဖြင့် ကောက်ခံရန် တရားဝင်ညွှန်ကြားထားခြင်း မရှိကြောင်း ဗွီအိုအေသတင်းဌာနကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုထားသည်။