လောင်းလုံးက ထွေအုပ်ဝန်ထမ်းနှစ်ဦးအား စစ်ဆေးပြီးပြန်လွှတ်မည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ဆို

0
886

ဖမ်းဆီးထားသော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းနှစ်ဦးကို စစ်ဆေးမေးမြန်းပြီးပါက ပြန်လွှတ်မည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ပြင်းထိန်‌ရွာ ရပ်/ကျေးစာရေးဒေါ်စောကြူတို့နှစ်ဦးအား နွေဦးပြောက်ကျားတပ်ဖွဲ့က မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်။

ဒေါ်ငြိမ်းငြိမ်းသက်သည် မြင့်မိုရ်လက်ခတ်တောင်ဘုန်းကြီးကားဖြင့် စီးနင်းလိုက်ပါလာသည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် နွေဦးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

‌စစ်ဆေးချက်အရ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူမှာ ဖုန်းအဆက်အသွယ်ရှိနေသည်ကို သိရသဖြင့် ပြင်းထိန်ရွာသို့သွားပြီး ဒေါ်စောကြူအား နေအိမ်တွင်ဖမ်းဆီးလာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထွေအုပ်ဝန်ထမ်းဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူတို့ကို စစ်မှုထမ်းကိစ္စနှင့် ပတ်သတ်ပြီး ပါဝင်ခဲ့ခြင်း ရှိ မရှိကို စစ်ဆေးရန် ဖမ်းဆီးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင်မူ ၎င်းတို့နှစ်ဦးအား အပြစ်ပေးအရေးယူရန် ခိုင်လုံသည့် အထောက်အထား မတွေ့ရသဖြင့် ပြန်လွှတ်မည့်အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

“သူတို့နှစ်ယောက်ကို စစ်ဆေးတဲ့အချိန်မှာ (စစ်မှုထမ်းကိစ္စနှင့်ပတ်သတ်ပြီး) သူတို့တာဝန်ယူပြီး ဆုံးဖြတ်ရတဲ့ကိစ္စလည်း မရှိဘူး။ ကျွန်တော်တို့မှာလည်း ထိထိရောက်ရောက် အထောက်အထားလည်း မရဘူးဆိုတော့ ပြန်လွှတ်ဖို့ အခြေအနေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မည်သည့်အချိန်တွင်ပြန်လွှတ်ပေးမည်ကိုမူ တိတိကျကျပြောဆိုခြင်းမရှိပေ။

နွေဦးပြောက်ကျားတပ်ဖွဲ့သည် လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစခန်းအား မတ်လ ၂၁ ရက်တွင်တစ်ကြိမ်၊ ၂၃ ရက်တွင်တစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦး၏ နေအိမ် ဒရုန်းဗုန်းသီး ထိမှန်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။

ကျောက်နီမော်ရွာသည် ပျူစောထီးအားကောင်းသည့်ကျေးရွာဖြစ်ပြီး ၎င်းကျေးရွာသားတို့အား စစ်မှုထမ်းဆောင်ရန် အဓမ္မဖိအားပေးလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။