မလွှဲတောင်စစ်ကောင်စီစစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရပြီး လမ်းပိတ်ထား

0
1004

မွန်နှင့်တနင်္သာရီ နယ်စပ်ရှိ ရေဖြူမြို့နယ် မလွှဲတောင်ဂိတ်ကို ယနေ့(မတ် ၂၃) မနက်ပိုင်းက ထပ်မံတိုက်ခိုက်ခံရပြီးနောက် ဂိတ်ပုံမှန်ဖွင့်ချိန်တွင် မဖွင့်ပေးဘဲ ပိတ်ထားကြောင်း ကားသမားများက ပြောဆိုသည်။

” ပစ်သံခတ်သံတွေကြားပြီး ကားတွေပေးမဖြတ်တော့ဘူး ။ ရာဖူးရွာနားမှာ PDF တွေမြင်လိုက်ရသေးတယ် ။ ကားတွေလည်း အခုထိလမ်းပိုင်းကရွာတွေမှာ ခိုပြီးစောင့်နေကြတယ်” ဟု ကလိန်အောင်မြို့ခံ ကားသမားတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

မလွှဲတောင်ဂိတ်တိုက်ခိုက်ခံရသည့်ယနေ့ မနက်ပိုင်းတွင်ပင် ရေဖြူမြို့နယ် ၊ မင်းသားရွာတွင်လည်း စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

မင်းသားရွာ တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများထွက်ပြေးတိမ်းရှောင်းနေရပြီး ပျူစောထီးနေအိမ်လေးလုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများထံကသိရသည်။

မင်းသားရွာတွင် တိုက်ပွဲဖြစ်နေ၍ ယနေ့ မနက်ပိုင်းက ပိတ်ထားသည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်း တို့ကိုမူ နေ့လယ်ပိုင်းတွင်ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ယာဥ်မောင်းများနှင့် ဒေသခံများထံကသိရသည်။

မလွှဲတောင်ဂိတ်တိုက်ခိုက်မှုနှင့် မင်းသားရွာတိုက်ပွဲများ၏ ထိခိုက်မှုအခြေအနေများကို သိရှိနိုင်ရန် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်ရာ လတ်တလော ဖြေကြားနိုင်ခြင်းမရှိသေးဘဲ အသေးစိတ်ကို ထုတ်ပြန်မည်ဟုဆိုသည်။

မတ်လ ၁၉ ရက်ကလည်း ရေး-ထားဝယ်ကားလမ်း မလွှဲတောင်အပိုင်းတွင် မွန်-တနင်္သာရီအင်အားစုများ နယ်မြေစိုးမိုးရေးအတွက် လမ်းပိုင်းစစ်ဆေးရေးပြုလုပ်သဖြင့် မလွှဲတောင်ဂိတ် ကို စစ်ကောင်စီက တစ်ရက်ပိတ်ခဲ့သေးသည်။

မလွှဲတောင်စစ်ဆေးရေးဂိတ် သည် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။