ရေဖြူ မင်းသားရွာတွင် တိုက်ပွဲဖြစ်နေ၍ ကံပေါက်တိုက်နယ် အဝင်လမ်းများပိတ်ထား

0
1239

ရေဖြူမြို့နယ် ၊ မင်းသားရွာတွင် ယနေ့ (မတ်၂၃) ရက် မနက်ပိုင်းမှစပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံကသိရသည်။

ပစ်ခတ်သံများကြားရပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်း ၂ ခုဖြစ်သည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်းတို့တွင် မောရဝတီရေတပ်က လမ်းပိတ်ထားကြောင်း နှင့် အိန္ဒရာဇာကျေးရွာအုပ်စု ဘက်သို့သွားသည့်လမ်းတွင်လည်း ရှင်ပျံရွာအထိသာဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများကပြောသည်။

“ ၇ နာရီလောက်ကတည်းက လက်နက်ကြီးသံ လေးချက်ကြားရတယ်။ အခုကတော့ လက်နက်ကြီးသံမကြားရတော့ဘူး ၊ တိုက်ပွဲကဆက်ဖြစ်နေသေးတယ်” ဟု မင်းသားရွာ ပတ်ဝန်းကျင် ရှိ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်သံများကြားရမှု အခြေအနေနှင့်ပတ်သက်၍ မင်းသားရွာ ဒေသခံများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ရွာသားများထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။

မတ်လဆန်းပိုင်းက မောရဝတီရေတပ်စခန်းဌာနချုပ် ဆိပ်ခံဘောတံတား ဒရုန်းဖြင့် ဗုံးချခံရစဥ်ကလည်း မင်းသားရွာနှင့်ဆင်ကူးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဖူးသည်။