မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ်များပျက်စီး

0
868

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး အရပ်သားတစ်ဦးလည်းဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်နှင့် ဒေသခံအချို့တို့က ပြောသည်။

မတ်လ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် မေတ္တာမြို့ကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နှင့် K-8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောက်မဲတောင်နှင့် မေတ္တာဗျူဟာစခန်းကလည်း ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မေတ္တာမြို့က စက်သုံးဆီဆိုင် တစ်ဆိုင် အပါအဝင် နေအိမ်ငါးလုံးမှာ အလုံးစုံ ထိခိုက်ပျက်စီးပြီး တစ်စိတ်တပိုင်း ထိခိုက်ပျက်စီးသည့် နေအိမ် အများအပြားရှိပြီး အရေအတွက်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားတို့က ပြောဆိုသည်။

မတ်လ ၄ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် မေတ္တာမြို့က ဒေသခံအမျိုးသားတစ်ဦး မျက်စိတွင် လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်းလည်း ပဒိုစောအယ်နားက ဆိုသည်။

“တိုက်ပွဲကတော့ အခုလောလောဆယ်ဖြစ်တာမရှိဘူး။ ဒါမေပဲ့ သူတို့စခန်းထဲကနေ အပြင်ထွက်မရဲတော့ဘူး။ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက နယ်မြေစိုးမိုးထားတဲ့အတွက်ကြာင့် စကစက ဒီနေရာကို သူတို့ထိန်းချုပ်မနိုင်တဲ့အတွက်ကြောင့် လေယာဉ်နဲ့ ဗုံးကြဲတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ဝကုန်းနှင့် ကျောက်မဲတောင်ရွာကြား နေရာများကိုလည်း ဖေဖော်ဝါရီလ ၂၁ ၊ ၂၂ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတစ်ဝိုက်ကိုလည်း ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။