ကံပေါက်ဒေသတွင် မိန်းမနှင့်ရန်ဖြစ်ပြီး ယောက်ျားအင်္ဂါကို ကိုယ်တိုင်လှီးဖြတ်

0
2758

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာတွင် ဖေဖော်ဝါရီလ ၂၈ နေ့က လင်မယားစုံတွဲရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက ၎င်း၏လိင်အင်္ဂါကို ကိုယ်တိုင်လှီးဖြတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

အရက်ကြောင်နေသည့် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ မနီလာဝင်းကို ဓားနှင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါကိုလည်း ဓားဖြင့်လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ကာယကံရှင်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

“ အရက်မူးပြီး သူ့မိန်းမကို ဓားနဲ့ထိုးလိုက်တာ၊ ကျောမှာ ၃ ချက်၊လက်မှာ ၂ ချက်ထိတယ်။ မိန်းကလေးရဲ့မိဘတွေကပဲဆေးရုံ ပို့လိုက်ရတယ်။ သူ့ယောက်ျားက အရက်အမူးပြေမှ သူ့ကိုယ်သူ ပြန်လုပ်တာ” ဟု၎င်းကဆက်ပြောပြသည်။

မနီလာဝင်း နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့နှစ်ဦးကို ရေတပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပြီးနောက် ထားဝယ်ဆေးရုံသို့ ထပ်မံပို့ဆောင်ကာ ဆေးကုသလျက်ရှိကြောင်းသိရသည်။

ထားဝယ်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း ယင်းသို့ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်နေသည်။

မတ်လ ၂ ရက်နေ့တွင် ထားဝယ်မြို့ပုံကျွန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ၎င်း၏လည်ပင်းကို ကိုယ်တိုင်ဓားဖြင့်လှီးသည့်အတွက်ကြောင့် ဆေးကုသနေရကြောင်း ဒေသခံကပြောသည်။

“အရက်ကြောင်ပြီးလှီးတာပါ”ဟု ၎င်းဒေသခံကပြောသည်။

ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ယင်းသို့ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်မှုကြောင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်‌ဦး ဆေးကုသမှုခံယူနေရကြောင်း ဆေးရုံနှင့်နီးစပ်သူများထံမှသိရသည်။