ဖမ်းဆီးခံထားရသည့် ရလိုင်ရွာသားနှစ်ဦး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ်မရသေး

0
1123

ရေဖြူမြို့နယ် ရလိုင်ရွာသားနှစ်ဦးသည် ဖေဖော်‌ဝါရီ ၂၇ ရက်နေ့က ထားဝယ်မြို့ဘက်သို့ သွားစဉ် ဖမ်းဆီးခံရပြီး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရလိုင်ရွာသားများဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ နွန်မောက် (ခေါ်) ကိုရဲနိုင်နှင့် ညီငယ် (ခေါ်) မောင်ကျော်သူရဟိန်း တို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရလိုင်မှ ထားဝယ်မြို့ဘက်သို့သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က သောကြာပြင်ကို ဆိုင်ကယ်အင်ဂျင်ဝိုင်ထည့်ရင်းသွားကြတယ်။ လမ်းပိုင်းမှာ ဖမ်းခံလိုက်ရတယ်လို့ကြားလို့ လိုက်စုံစမ်းတယ်။ (စစ်ကောင်စီ စစ်ဆေးရေးဂိတွေမှာ လိုက်စုံစမ်းတာ) ဘယ်မှာမှ ရှာမတွေ့ဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံရသူတို့မှာ ရော်ဘာခြစ်သည့်အလုပ် လုပ်ကိုင်ကြပြီး ရိုးသားအေးဆေးသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“စစ်ဆေးရေးဂိတ်တွေမှာ စုံစမ်းလည်း စုံစမ်းမရဖြစ်နေတယ်လို့ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါမောက္ခချုပ်အပါဝင်သုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်သည် ရေဖြူအနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။