ဇဟာရွာတွင် လက်နက်ကြီးကျ ကလေးတစ်ဦးအပါဝင် နှစ်ဦးဒဏ်ရာရ

0
1052

ထားဝယ်မြိုနယ် ဇဟာရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ဇဟာရွာ ကားလမ်းမအရှေ့ဘက်ရှိ အိမ်ဝိုင်းတစ်ခုအနီးသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲခြင်းဖြစ်သည်။

လက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ်ရှိ မောင်မိုးဇော်ဦး၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သလို အသက် ၆၅ နှစ်အရွယ်ရှိ ဦးဝင်းစိန်၏ ပခုံးနှင့် နောက်ကျောတွင်လည်း လက်နက်ကြီး စများထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” ထမင်းစားပြီးလို့ အိမ်မှာထိုင်နေတုန်း အိမ်ဘေးလာကျတာ တူဝရီး နှစ်ယောက် ထိသွားတာပေါ့”ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်နေခြင်းမျိုးမရှိဘဲ လက်နက်ကြီးလာကျခြင်းဖြစ်ပြီး မည်သည့်အရပ်က ပစ်ခတ်ခဲ့သည်ဆိုသည်ကိုလည်း မသိရသေးကြောင်း ၎င်းကဆိုသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေပြီး မစိုးရိမ်ရတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ် မတ်လနှင့် မေလ တို့တွင် ဇဟာရွာအတွင်းလက်နက်ကြီးကျပြီး ကလေးငယ်သုံးဦး ဒဏ်ရာရရှိခဲ့ဖူးသည်။

ယင်းအပြင်ယခုနှစ် ဖေဖော်ဝါရီလကလည်း ဇဟာရွာအရှေ့ဘက် ဥယျာဉ်ခြံများတွင် ခြေနင်းမိုင်းထိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကာ တစ်ဦးမှ‌သေဆုံးသွားခဲ့သည်။