ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးဟု KNLA ပြော

0
2525

ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။

ရောင်းမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA ထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ ရရှိကြောင်း KNU တပ်မဟာ ၆ ၏ KNLA တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ ၄ တပ်ရင်း (၁၂) ၏ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

“သေနတ် ၁၅ လက်ရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာက သုံးကြိမ်ပေါ့နော်။ အလုံး ၄၀ လောက်ရှိတယ်။ အရပ်သားတစ်ဦးထိတယ်” ဟု ၎င်းက ပြောဆိုသည်။

နံနက် ၅ နာရီခွဲ ခန့်ကစပြီး ရောင်းမော်ရွာဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နံနက် ၁၀ နာရီကျော်ကျော်တွင် ရောင်းမော်၊ ဆေးဖြတ်ကုန်း၊ အင်းပြား၊ စော်ဖျားကျေးရွာများ ဘက်သို့ စစ်တပ်က Mi 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဗုံးကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်နှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေစဉ် ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့် ဒေသခံများ ဆိုင်ကယ် တိုက်မိသည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး ဆေးဖြတ်ကုန်းရွာက အသက် ၂၈ နှစ်ခန့်ရှိ မအေးသက်မော် ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့သည်။

Dawei Watch ကရရှိထားသည့် ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး၏ ရုပ်အလောင်းများ၊ သေနတ် ၁၀ လက်နှင့် ခဲယမ်းများကို တွေ့ရသည်။

ယနေ့ နံနက် ၈နာရီခန့်ကလည်း မေတ္တာဗျူဟာစခန်းဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် သေနတ်တစ်လက် ရရှိခဲ့ကြောင်း တပ်ရင်းမှူး စောမှူးဂေက ပြောဆိုသည်။