အရှေ့တောဒေသတွင် ကော်သူးလေတပ်ဖွဲ့ဝင်အချို့ KNU နှင့်ပူးပေါင်း၍ စစ်ကောင်စီကိုတိုက်ခိုက်

0
4355

စစ်ကောင်စီနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် အရှေ့တောဒေသတွင် ကော်သူးလေတပ်မတော်-KTLA မှတပ်ဖွဲ့ဝင်အချို့ KNU နှင့်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေကြောင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။

ဇန်နဝါရီလ ၂၄ ရက်က KNU တပ်မဟာ(၄) KNLA တပ်ရင်း (၁၂)၊ KNU တပ်မဟာ(၆) KNLA တပ်ရင်း (၂၇)နှင့် PDF ပူးပေါင်းတပ်များက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ (ဘန်းချောင်းဒေသ)ရှိ စစ်ကောင်စီတပ်၏ ကျောက်ထုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပြီးသည့်နောက် KNLA နှင့်လာရောက်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်လာသည့် KTLA တပ်ဖွဲ့နှစ်ဖွဲ့ခန့်ရှိသည်ဟု တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

“ကျွန်တော်တို့ဆီကို တချို့တဝက်ပြန်ရောက်ကုန်ပြီ၊ ဒီအောက်ဘက်ခြမ်းမှာကျတော့ တစ်ဖွဲ့နှစ်ဖွဲ့တော့လာပေါင်းနေပြီပေါ့၊ ကျွန်တော်ကတော့ ဖိတ်ခေါ်ထားတယ်၊ ကြိုဆိုတယ်လေ၊ စစ်ကောင်စီအမြစ်ပြတ်ဖို့ ကျွန်တော်တို့ဘယ်လိုပူးပေါင်းရမလဲ ကျွန်တော်တို့ကြိုဆိုတယ်၊ ဒါပေမဲ့သူတို့မပူးပေါင်းနိုင်ဘူး၊ သူတို့အခက်အခဲတွေအမျိုးမျိုးရှိမှာပေါ့” ဟု ၎င်းကဆိုသည်။

KNU တပ်မဟာ(၄) တပ်ရင်း(၁၀)၊ တပ်ရင်း(၁၂)နှင့် လာရောက်ပူးပေါင်းသည့် KTLA တပ်ဖွဲ့နှစ်ဖွဲ့အထိရှိလာပြီး အင်အား ၅၀ ခန့်ရှိသည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

“သူတို့က(လာရောက်ပူးပေါင်းသူ) ရွာသားတွေလည်းရှိတယ်၊ အရင်က တပ်သားဟောင်းတွေလည်းပါတယ်”ဟု ပဒိုစောအယ်နာက ပြောသည်။

လတ်တလောအနေအထားတွင် KNU နှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုသာ ရှိသေးသည်ဟု နှစ်ဖက်တပ်ဖွဲ့၏ ပြောဆိုချက်များအရ သိရသည်။

“ကျွန်တော်တို့နဲ့ K4 နဲ့ပေါင်းလိုက်တယ်၊ စစ်မြေပြင်က လူကြီးတွေအချင်းချင်း စကားပြောစားပြီး ပေါင်းလိုက်တယ်၊ ဝင်တာမျိုးတော့မဟုတ်သေးဘူး၊ စစ်ရေးမှာ ပူးပေါင်းတာလောက်ပဲ” ဟု KTLA တပ်ခွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

KTLA အဖွဲ့၏လက်အောက်မှ အဖွဲ့ငယ်များသာ KNU နှင့်ပြန်လည်ပူးပေါင်းခြင်းများရှိပြီး ဗိုလ်အယ်ကွီးအပါအဝင် အခြားခေါင်းဆောင်ပိုင်းများ မပါဝင်သေးဟု နှစ်ဖက်တပ်ဖွဲ့က အတည်ပြုပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တည်းက စတင်ဖြစ်ပွားနေသည့် အရှေ့တောဒေသရှိတိုက်ပွဲများတွင် KNLA၊ PDF ပူးပေါင်းတပ်များနှင့် KTLA တပ်ဖွဲ့အချို့လည်းပါဝင် တိုက်ခိုက်နေခြင်းဖြစ်သည်။

အရှေ့တောဒေသတွင် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများနေပြီး စခန်းစွန့်ခွာမှုများရှိနေပြီး စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်ရရေးအတွက် လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်နေသည်။