စစ်ကောင်စီ၏မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

0
2455
ပုံစာ- မလွှဲတောင်ဂိတ်အားဒရုန်းဖြင့်ဗုံးသီးပစ်ချနေစဥ်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်) မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသည့်ယာဥ်မောင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များထံကသိရသည်။

“မနက် ၉ နာရီလောက် ပေါက်ကွဲမှုဖြစ်ပြီး ၊ တစ်နာရီလောက်လမ်းပိတ်ချလိုက်တယ်။ ပြီးတော့ လမ်းပြန်ဖွင့်လိုက်တယ်။ ပုံမှန် အတိုင်း ပြန်ပေးသွားတယ် “ ဟု ရန်ကုန်-ထားဝယ် ခရီးသည်ပို့ဆောင်ရေး ယာဥ်မောင်းတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး လမ်းပိုင်းယာယီပိတ်ခဲ့ပြီး ညနေပိုင်းအထိ ဂိတ်ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများကြားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဒေါနတပ်ခွဲ ၄ (ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KBDF) ၊ YAF တပ်ဖွဲ့ ၊ ABSDFတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF စသည့် မွန်-တနင်္သာရီ မဟာမိတ်၅ဖွဲ့က SFZ ဒရုန်းဖြင့် ဗုံးသီး ခုနစ်လုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ညတွင်သတင်းထုတ်ပြန်သည်။

ဗုံးသီးခုနစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးသည် စစ်ဆေးရေးဂိတ်အနီးပေါက်ကွဲပြီး ကျန်ငါးလုံးမှာမူ စခန်းကုန်းပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူကဆိုသည်။

“မလွှဲတောင်ဂိတ် စစ်ဆင်ရေးက ပထမဆုံးပဲ။ ဒီနေရာက ဝင်တိုက်ဖို့သိပ်မလွယ်ဘူး ။ အခုစဖွင့်လိုက်တာပေါ့” ဟု ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူက ပြောသည်။

၇၇ နှစ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုသည့်အနေဖြင့် မွန် နှင့်တနင်္သာရီနယ်စပ်ရှိ မလွှဲတောင်ဂိတ်ကို မွန်-တနင်္သာရီမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ဆင်ရေးအတွင်း မဟာမိတ်များဘက်က အထိအခိုက်မရှိကြောင်း အတည်ပြုနိုင်ပြီး မလွှဲတောင်စစ်ဆေးရေးဂိတ်တွင်မူ မည်ကဲ့သို့ထိခိုက်မှုရှိခဲ့သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း မဟာမိတ်တပ်များကဆိုသည်။

မလွှဲတောင်ဂိတ်သည် စစ်ကောင်စီတပ်သားများအပြင် ရဲတပ်ဖွဲ့ ၊ သတင်းရဲတပ်ဖွဲ့၊ လဝက စသည်ဖြင့် ဌာနဆိုင်ရာအဖွဲ့စုံစစ်ဆေးသည့် စစ်ဆေးရေးဂိတ်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၅ ရက်အတွင်း ရေး-ထားဝယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၄ ခုကိုတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။