ရေဖြူ မင်းသားရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အား KBDF သတိပေး

0
488
ပုံစာ - မင်းသားရွာ

ရေဖြူမြို့နယ်၊ မင်းသားရွာတွင် ခဲသတ္တုတူးဖော်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည့် အုပ်ချုပ်ရေးမှူးနှင့် လူအင်အား အသစ်စုဆောင်းနေသည်ဟုဆိုကာ ပြည်သူ့စစ်အဖွဲ့တို့ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ ၄) က သတိပေးချက်ထုတ်ထားသည်။

အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်တို့ကို ဇန်နဝါရီလ ၂၆ ရက်က စာထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။

“သတ္တုလုပ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေမှာ နစ်နာတာရှိတယ်။ ရေချိုချောင်းတွေ ပျက်စီးသွားတာမျိုးပေါ့။ စာမထုတ်ခင် ဆယ်ရက်လောက်ကတော့ ဖုန်းနဲ့သတိပေးတယ်။ နောက်ပိုင်းဖုန်းဆက်တာ မကိုင်ရဲတော့လို့ အခုလိုစာထုတ် သတိပေး လိုက်တာပါ” ဟု ဒေါနတပ်ခွဲ ၄ က တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းသားရွာအပါအဝင် ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင် ခဲသတ္တုတူးဖော်သည့်လုပ်ငန်းများ လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူနေထိုင်သည့် ရပ်ရွာများအနီးအထိ သတ္တုလုပ်ကွက်များတိုးချဲ့လာကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အရင်က မိုင်းတွေ (သတ္တုလုပ်ကွက်) မရှိဘူး မဟုတ်ဘူး၊ ရပ်ရွာနဲ့ဝေးတဲ့နေရာတွေမှာ ရှိတယ်။ အခုက ဥယျာဥ်ခြံသမားတွေ ကလည်း သတ္တုလုပ်တဲ့လူတွေက မြေဝယ်ရင် ရောင်းလိုက်တယ်။ ခြံကနေ သတ္တုလုပ်ကွက် ဖြစ်သွားတယ်။ အဲဒါအတွက် ထိခိုက်တာကတော့ မိုးရာသီရောက်ရင် ရေမကြီးဖူးတဲ့နေရာတွေ ရေကြီးလာတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။

မင်းသားရွာအုပ်ချုပ်ရေးမှူးကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒုတိယအကြိမ်မြောက် စာထုတ်ပြန်သတိပေးခြင်း ဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့စစ်အင်အားတိုးချဲ့ရန် လူအင်အားစုဆောင်းနေသည့် မင်းသားရွာ ပြည်သူ့စစ်အဖွဲ့ဝင် ၁၆ ဦးကိုလည်း အလင်းဝင်ကြရန် သတိပေးစာတွင် ဖော်ပြထားသည်။

“ပြည်သူ့စစ်အဖွဲ့တွေက အစည်းအဝေးခေါ်ပြီး လူ၃၀လောက်လိုနေတယ်လို့ ခေါ်ပြောတာမျိုး ရှိတယ်။ တစ်ရွာလုံးကို အစည်းအဝေးခေါ်တာတော့မဟုတ်ဘူး။ သူတို့နဲ့ နီးစပ်သူတွေကိုခေါ်တယ်” ဟု ရွာခံတစ်ဦးက ပြောဆိုသည်။

သတိပေးစာထုတ်ချက်ကို မလိုက်နာလျှင် မင်းသားရွာ ပြည်သူ့စစ်အဖွဲ့ကို စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း ဒေါနတပ်ခွဲ (၄) တာဝန်ခံက ဆိုသည်။

စာထုတ်ပြန်သတိပေးနောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ “ထူးထူးခြားခြား ပြောင်းလဲတာတော့မရှိဘူး။ သူတို့ကို စစ်ကောင်စီက သေနတ် ၉ လက် ထပ်ချပေးထားတော့ရှိတယ်။ အလင်းဝင်ဖို့ တိုက်တွန်းတာကို မလိုက်နာရင်တော့ စစ်ရေးအရ အရေးယူဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက မင်းသားရွာပြည်သူ့စစ်အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဘုရားကျောင်းလာတက်သည့် ကျောင်းသားတစ်ဦး ဦးခေါင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည်။