ထားဝယ်တွင် ကွမ်းသီးခြောက် တစ်ပိဿာ လေးထောင်ကျော် အထိစျေးမြင့်

0
444

ထားဝယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ်လေးထောင်ကျော်အထိ ဖြစ်လာကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းများထံမှသိရသည်။

ဇန်နဝါရီ ပထမပတ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၂၇၀၀ ခန့်သာရှိရာမှ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကျပ် ၄၀၀၀ ကျော်အထိ တဖြည်းဖြည်း ဈေးတက်လာသည်။

“အရင်ပတ်က ပြောသလိုပါပဲ ပြည်တွင်းသိုလှောင်မှု ဝယ်လိုအားကြောင့်ပါ ကုန်သည်တွေကလည်း အဲဒီအပေါ်မှာလိုက်ဝယ်ကြတဲ့ သဘောရှိတယ် “ဟု ထားဝယ်မြို့ရှိ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် တောင်သူအများစုမှ ယခုနှစ် ကွမ်းသီးဈေး စတက်ချိန်တွင် ရောင်းချထားပြီး ဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် ကွမ်းသီးလက်ကျန် နည်းပါးနေပြီဖြစ်ကြောင်း ရေဖြူမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်က တစ်ပိဿာ ၁၅၀၀ လောက်ပဲရှိတာ မရောင်းဘူး ထားထားတယ်။ အခုနှစ် ၁၁ လပိုင်းကုန်လောက်က ဈေးတက်တက်ခြင်း ရောင်းလိုက်ကြတယ်။ တော်တော်များများက၊ ခုတော့ လက်ကျန်သိပ်မရှိကြတော့ဘူး “ဟု သူမကပြောသည်။

ဝယ်လိုအားတက်လာချိန်တွင် တောင်သူများလက်ထဲ ကွမ်းသီးလက်ကျန် နည်းနေသဖြင့် ကွမ်းသီးစျေးကောင်းလာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံထွက် ကွမ်းသီးအများဆုံး တင်ပို့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် တရားမဝင် နယ်စပ်ဖြတ်ကျော် အလုပ်သမား အရေးကိစ္စနှင့် မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တမူး-အိန္ဒိယနနယ်စပ်ဂိတ်မှာ ယနေ့အချိန်ထိ ကုန်သွယ်မှု ပုံမှန်မလုပ်နိုင်သေးပေ။

ယင်းကြောင့် ပြည်တွင်းကွမ်းသီးဈေး ကျဆင်းခြင်းဖြစ်ကာ ယမန်နှစ်က ကွမ်းသီးဈေးမှာလည်း တစ်ပိဿာ နှစ်ထောင်အောက်ထိုးကျသွားခဲ့ပြီး ထားဝယ်မြို့ရှိ ကုန်သည်အချို့မှာ ကွမ်းသီးလုပ်ငန်း ရပ်နားရသည်အထိ ဖြစ်ခဲ့သည်။

သို့သော်လည်း ပြည်တွင်းစားသုံးသူဈေးကွက်နှင့် သိုလှောင်အားကြောင့် ယခုနှစ် နိုဝင်ဘာမှစပြီး ဈေးပြန်တက်လာခြင်းဖြစ်သည်။