DGRF တပ်ဖွဲ့ဝင် ၇၀နီးပါးက နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်ဟုဆို

0
28590
Photo - DGRF

အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ပကဖအဖွဲ့ဝင်တစ်ခုဖြစ်သည့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး နုတ်ထွက်သွားကြောင်း ယင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ရက်က သတင်းထုတ်ပြန်သည်။

DGRF တပ်ဖွဲ့က ရဲဘော်နွန်ဖား ဦးဆောင်သော တပ်ခွဲ (၂) က ရဲဘော် ၂၅ ဦး၊ ရဲဘော်အာနိုးဦးဆောင်သော တပ်ခွဲ (၃) က ရဲဘော် ၅ ဦး၊ ရဲဘော်ဘိုးတော်ဦးဆောင်သော တပ်ခွဲ (၄) မှ ရဲဘော် ၃၇ဦး၊ စုစုပေါင်း ရဲဘော် ၆၇ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် နုတ်ထွက်သွားကြောင်း ဖော်ပြသည်။

နုတ်ထွက်သွားသည့် ရဲဘော်များမှာ ဗထူးတပ်မတော်သို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗထူးစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းကာ လက်တွဲလုပ်ဆောင်ခဲ့သည့် ရဲဘော်များပင်ဖြစ်ကြောင်း DGRF ပြန်ကြားရေးတာဝန်ခံ ကိုဓလေ့က ပြောသည်။

“NUG ချမှတ်ထားတဲ့ စစ်စည်းကမ်းနဲ့မူဝါဒကို သူတို့ (နုတ်ထွက်သွားတဲ့ ရဲဘော်တွေ) ရဲ့ ခံယူချက်နဲ့ ထပ်တူမကျဘူးဆိုတဲ့ သဘောပေါ့။ အဲဒီလိုသဘောနဲ့ သူတို့တွေက NUG ကွပ်ကဲမှုအောက်မှာ ဆက်ပြီးတော့ မတော်လှန်ချင်တော့ဘူးဆိုတဲ့စိတ်နဲ့ ဘယ်သူမှ ကွပ်ကဲမှုမရှိတဲ့ ဗထူးအာမီတစ်ခုထူထောင်ပြီးတော့ တော်လှန်ရေးကို စကစကိုဆက်ပြီး တော်လှန်သွားမယ်ဆိုပြီး အဲဒီလိုပြောပြီးတော့ နုတ်ထွက်ခွင့်တောင်းတာပေါ့နော်” ဟု ကိုဓလေ့က ပြောဆိုသည်။

DGRF တပ်ဖွဲ့မှ နုတ်ထွက်မည့်အကြောင်းကို နုတ်ထွက်မည့်နေ့တွင်ပင် တပ်ရင်းတပ်ဖွဲ့က တာဝန်ရှိသူများကို အသိပေး ပြောကြားပြီး တရားဝင်နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နုတ်ထွက်သွားသည့် ရဲဘော်အားလုံးမှာ တော်လှန်ရေးဆက်လက်လုပ်ဆောင်နေကြပြီး ပြည်ပသို့ ထွက်ခွာသွားခြင်း၊ တော်လှန်ရေးက အနားယူသွားခြင်းမျိုး မဟုတ်ကြောင်း DGRF တွင် ပြန်ကြားရေးတာဝန်ယူခဲ့ဖူးပြီး ယခုနုတ်ထွက်ရာတွင် ပါဝင်သူ Solo က ပြောဆိုသည်။

နုတ်ထွက်ပြီးနောက် ဗထူးတပ်မတော်သို့ ဝင်ရောက်သွားသည်ဟု ပြောဆိုချက်အပေါ် မေးမြန်းရာ တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ပေ။

“ကျွန်တော့်အနေနဲ့လည်း ဒီလောက်ပဲပြောပြလို့ရမယ်ဗျ။ ကျွန်တော့်အနေနဲ့ ပြောပြဖို့ အဆင်မပြေသေးလို့ပါဗျ။ အချိန်ရောက်ရင် ပြောပြပါ့မယ်ဗျ” ဟု Solo က ပြောဆိုသည်။

Dawei Guerrilla Revolutionary Force-DGRF ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့သည် ထားဝယ်မြို့နယ်အပါအဝင် လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်တို့တွင် မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ရေးလှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

တပ်ဖွဲ့ဝင် ၆၇ ဦးနုတ်ထွက်လိုက်သည့်ကိစ္စကြောင့် DGRF တပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ အားလျော့သွားမည်မဟုတ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုဓလေ့က ပြောသည်။

DGRF တပ်ဖွဲ့က ရဲဘော် ၆၇ ဦးနုတ်ထွက်ခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး တိုင်းပကဖ တာဝန်ခံ ကိုစတားကို Dawei Watch က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။