လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦးကို စစ်ကောင်စီပစ်သတ်

0
941

လောင်းလုံးမြို့နယ်၊အောက်ကျောက်ဝပ်ရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးပစ်သတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူမှာ ကိုကျော်နိုင် ဆိုသူဖြစ်ပြီး အောက်ကျောက်ဝပ်ရွာသို့ စစ်ကြောင်းဝင်လာစဉ် ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ထွက်ပြေးတာနဲ့ သူကိုပစ်တာ အဲမှာသူဒဏ်ရာ ပြင်းပြင်းထန်ထန်ရ(ပြီးသေဆုံး)သွားတယ် “ဟု ၎င်းကပြောသည်။

ကိုကျော်နိုင်ဆိုသူမှာ ရိုးသားအေးဆေးသူတစ်ယောက်ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီး၊အသက် ၆ နှစ်အရွယ် သမီးနှင့် တစ်နှစ်ကျော်အရွယ် သမီး တို့ ကျန်ခဲ့သည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယင်းနေ့ညနေပိုင်းတွင်ပင် ဒေသခံများက သင်္ဂြိုဟ်ပေးလိုက်ကြခြင်းလည်းဖြစ်သည်။

ယခင်လ (ဒီဇင်ဘာ) ၂၇ ရက်နေ့မှ စတင်ကာ လောင်းလုံးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လောင်းလုံးအောက်ပိုင်းညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာမှ နေအိမ် တစ်ရာကျော်မီးရှို့ခံထားရသည်။