ရွာထက်ဝက်ခန့် မီးရှို့ခံရသည့် ညောပြင်ရွာ အကူအညီလိုအပ်

0
984
ဓာတ်ပုံ လောင်းလုံး ပအဖ

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားသည့် ညောပြင်ရွာရှိ လူဦးရေတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့က ပြောသည်။

ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့က ဆိုသည်။

လွန်ခဲ့သည့် ဆယ်လခန့် ၂၀၂၃ ခုနှစ် မတ်လကလည်း အိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ညောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးလက်ရှိတွင် ရွာထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ညောပြင်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က နေအိမ် ၄ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတို့ကဆိုသည်။

မတ်လ ကလည်း အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၇၀ ကျော်မီးရှို့ခံရဖူးသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ညောပြင်၊ အောက်ကျောက်ဝပ်ရွာအောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် နေအိမ်မီးရှို့ခံရသူများအပါအဝင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူ ၁၂၀၀ ခန့်ရှိနေပြီး ၎င်းတို့အတွက် ရိက္ခာအကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့နှင့် ဒေသခံတို့က ပြောဆိုသည်။

“လိုတာတော့ အများကြီးလိုတာပေါ့နော်။ အိမ်မီးရှို့ခံလိုက်ရတာဆိုတော့လေ။ အခုကတော့ ရိက္ခာအတွက် ဆန်တွေလိုအပ်နေတာရှိတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဝိုင်းဝန်းပြီး ကူညီပေးစေချင်တယ်” ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်း ကျေးရွာ ၁၆ ရွာမှဒေသခံ ၁၂၀၀၀ ကျော်ရှိနေကြောင်း ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင်ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူများအတွက် ရိက္ခာအပါအဝင် ရေထိုင်ရေး၊ ကျန်းမာရေးကိစ္စများအတွက် ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့၏တောင်ဘက်ပိုင်းကျေးရွာများကို ၂၀၂၃ ဒီဇင်ဘာလ ၂၇ ရက်ကတည်းက ပိတ်ဆို့စစ်ကြောင်းထိုးနေပြီး ယင်းကာလအတွင်း နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။