ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

0
1018

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်လေးစီးဖြင့် ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ပစ်ခတ်ခဲ့သဖြင့် နေအိမ်တွင်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“ကြားရတာတော့ ဆိုင်ကယ်နဲ့ လူတွေရောက်လာပြီး လာခေါ်တော့ သူ့မယားကိုယ်တိုင်ပဲ အိမ်တံခါး ဖွင့်ပေးခဲ့တယ်လို့ ပြောတယ်။ နင့်ကိုဘာမှမလုပ်ဘူး။ နင့်ယောကျ်ားကိုပဲ လုပ်မှာဆိုပြောပြီး သေနတ်နဲ့ ပစ်ချသွားတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းတို့ရွာတွင် နတ်ပွဲ၊ လောင်းကစားပွဲများဖြင့် လုပ်လေ့ရှိသဖြင့် အိမ်ကို ဆိုင်ကယ်ဖြင့် ရောက်လာသူများကို ရွာခံဟု ထင်မှတ်ပြီး တံခါးထဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဦးဇော်ဝမ်း၏ ဘယ်ဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ လေးချက်၊ ညာဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အသက် ၃၈ နှစ်အရွယ် ဦးဇော်ဝမ်းမှာ NLD အစိုးရလက်ထက်ကလည်း အုပ်ချုပ်ရေးမှူးဖြစ်သလို စစ်ကောင်စီ လက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူး ဆက်လက်လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးဇော်ဝမ်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

၎င်းမှာ အုပ်ချုပ်ရေးမှူးတာဝန်အပြင် လက်နက်ကိုင်ထားသည့် ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်လည်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောဆိုဖူးသည်။

ဦးဇော်ဝမ်းကမူ အထက်ပါ ပြောဆိုချက်နှင့်ပက်သက်ပြီး ၎င်းမှာ ရပ်ရွာလုံခြုံရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာရေးနာရေးများကိုသာ ရှေးရှုပြီး အုပ်ချုပ်ရေးမှူးအလုပ်ကို စစ်ကောင်စီလက်ထက်တွင် ဆက်လက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း Dawei Watch သတင်းဌာနကို ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့ဖူးသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၂ရက်နေ့က ကျောင်းသုံးစာအုပ်များသယ်ဆောင်ပြီး သရက်ချောင်းမြို့နယ်မှ ကျောင်းဆရာမသုံးဦးနှင့်အတူ ပြင်းဖြူသားရွာကို ကားဖြင့်ပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဇွန်လ ၁၃ ရက်တွင်လည်း သရက်ချောင်းမြို့မှ ပြင်းဖြူသားရွာသို့ ပြန်လာစဉ် ပိတိုင်ရွာနှင့် ချောက်ချောင်းရွာကြားတွင် ဆိုင်ကယ်စီးသေနတ်သမားတို့က ပစ်ခတ်ခြင်းခံရပြီး ဒဏ်ရာရခဲ့သဖြင့် ရက်အတော်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။

ဦးဇော်ဝမ်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလုပ်စဉ်ကာလအတွင်း သုံးကြိမ်ထက်မနည်း ပစ်ခတ်ခံရဖူးသည်။