သရက်ချောင်း၊ ရငဲရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်လုံးမီးလောင်ပျက်စီး

0
1165

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင် ပျက်စီးသွားကြောင်း‌ ယင်းကျေးရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ပြောသည်။

ရငဲရွာ အနီးဝန်းကျင်ရှိ ကမြိုင်ရွာ အရိုးအိုးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ခြောက်လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းအနက် လက်နက်ကြီးကျည် တစ်လုံးမှာ ရငဲရွာအစွန်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အိမ်မှာတော့ လူမနေတာကြာပြီ။ ဥယျာဉ်ခြံထဲကိုလည်း နှစ်လုံးကျတယ်လို့ပြောတယ်။ (စစ်ကောင်စီတပ်က) သူတို့ကတော့ လျှေက်ပစ်နေတာဆိုတော့ ရွာထဲပြန်ဝင်နေတဲ့လူတွေလည်း ကြောက်နေကြတာပေါ့” ဟု ရငဲရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရငဲရွာမြွေတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မစွဲတော့သည်မှာ သုံးလခန့်ရှိပြီဖြစ်သော်လည်း အနီးဝန်းကျင်တွင် ရှိနေသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသဖြင့် စစ်ဘေးရှောင်များမှာ ရွာသို့ မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်ဒေသခံအချို့က ပြောဆိုသည်။

အင်အား ၃၀ ကျော် ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဝင်းဝ၊ ဝဲရစ်၊ ရငဲ၊ သိမ်ကုန်း၊ ကမြိုင်၊ ကနက်သီရိ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်းစသည့် ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးနေသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကြောင်းထိုးရာတွင် လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မွှေနှောက်ရှာဖွေကာ ဆိုင်ကယ်၊ ငွေကြေး၊ ရွှေ၊ ဖုန်းစသည့် ပစ္စည်းများကို ယူဆောင်သည့်အပြင် လူကိုဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့က ပြောဆိုကြသည်။