ညောပြင်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

0
667
ဓာတ်ပုံ - ပေးပို့

လောင်းလုံးမြို့မှ တောင်ဘက်မိုင် ၃၀ ကျော်အကွာ ညောပြင်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။

ယနေ့ ဇန်နဝါရီလ ၈ရက် ညနေ ၅ နာရီကျော်တွင် ညောပြင်ရွာထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ရွာအနောက်ဘက်ပိုင်းရှိ နေအိမ်များကို မီးရှို့ကြောင်း ဒေသခံအချို့က ဆိုသည်။

“သူတို့ (စစ်ကောင်စီတပ်) က ဖိုးဖိုကျောက်ကမ်းခြေမှာရှို့ပြီးမှ ရွာထဲဝင်လာပြီးရှို့တာ။ အခုဆိုရင် ရွာနောက်ပိုင်းထဲမှာ အိမ်တွေအကုန်ပါသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒေသခံများမှာ စစ်ကြောင်းထိုးလာနေသည့်သတင်းကြောင့် ကြိုတင်တိမ်းရှောင်နေချိန် ရွာထဲဝင်ပြီး မီးရှို့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်တောင်ဘက်ကျေးရွာများကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၄ရက် ကြာမြင့်လာပြီဖြစ်သည်။

ဇန်နဝါရီလ ၇ရက် ညနေပိုင်းကတည်းက ညောပြင်၊ ဖိုးဖိုးကျောက်ကမ်းခြေတကြောသို့ ရောက်ရှိနေခြင်းဖြစ်သည်။

‌ဖိုးဖိုးကျောက်ကမ်းခြေတွင် တစ်ညစခန်းချပြီးနောက် နောက်တစ်ရက် နံနက် ၁၁ နာရီခန့်တွင် ကမ်းခြေရှိ ရေလုပ်သားတဲများကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းနောက် ညောပြင်ရွာထဲဝင်ရောက်လာပြီး နေအိမ်များအား ထပ်မံမီးရှို့ခြင်း ဖြစ်ကြောင်း ဆိုသည်။

လွန်ခဲ့သည့် ဆယ်လခန့်ကလည်း ညောပြင်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီးမီးရှို့ခဲ့သဖြင့် အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။