ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်

0
550

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်သွားကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံကသိရသည်။

မျက်စိကွယ်သွားသည့် နိုင်ငံရေးအကျဥ်းသားသည် ၂၀၂၁ ခုနှစ်က ၊ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၂ (က) နှင့် ၅၀၅ (က) တို့ဖြင့် ထောင် ၉ နှစ်ချခံထားရသည့် အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေ ဖြစ်သည်။

ဦးထွန်းဝေသည် အကျဥ်းထောင်အတွင်း မျက်စိတိမ်စွဲဝေဒနာ စတင်ခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် ၎င်း၏မျက်စိတိမ်အခြေအနေဆိုးရွာလာသဖြင့် အကျဥ်းထောင်ဆေးမှူးက ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောခဲ့သည်ဟု မိသားစု၏ပြောကြားချက်ကို ကိုးကားပြီး နီးစပ်သူတစ်ဦးကပြောသည်။

ခွဲစိတ်ကုသနိုင်ရန် အကျဥ်းထောင်ပြင်ပဆေးရုံသို့ သွားရောက်ကုသခွင့်ကို ကာယကံရှင်နှင့်မိသားစုဘက်က အကြိမ်ကြိမ်ခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များဘက်က ခွင့်မပြုသဖြင့် မျက်စိကွယ်သည်အထိအခြေအနေဆိုးရွားသွားကြောင်း ၎င်းကဆက်ပြောသည်။

ထားဝယ်အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ နှင့်ပတ်သက်၍ DPPN ၏ တာဝန်ရှိသူတစ်ဦးက “ ထောင်ထဲမှာက ဖျားလည်း ဒီဆေး ၊ ဘာပဲ ဖြစ်ဖြစ် ဆေးဝါးက မပြည့်စုံတဲ့အပြင် ဘာရောဂါဖြစ်ဖြစ်ထောင်တွင်း ဆေးဝါးကုသမှုက မဖြစ်စလောက်ပဲရှိပါတယ် “ ဟု ပြောပြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကလည်း ထားဝယ်အကျဥ်းထောင် တွင် နှစ်ရှည်ထောင်ချ ခံထားရသည့် လောင်းလုံးဒေသခံ နိုင်ငံရေးအကျဥ်းသား အမျိုးသားတစ်ဦး အမောဖောက်သဖြင့် ထောင်တွင်းဆေးခန်းမှတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့လွှဲပြောင်းတင်ပို့စဥ် ကွယ်လွန်ခဲ့သေးသည်။.

ထားဝယ်အကျဥ်းထောင် တွင် နိုင်ငံရေးအကျဥ်သား ဦးရေ ၄၀၀ ဝန်းကျင်ရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်ထံကသိရသည်။