ထားဝယ်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဟု ထားဝယ်ခရိုင်တပ်ရင်းထုတ်ပြန်

0
4303

ထားဝယ်မြို့ ဗျောတောဝရပ်ကွက်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုက လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ကောင်စီ ခလရ ၁၀၄ တပ်ရင်းက တပ်သားနှစ်ဦးက တော်လှန်ရေးသမားအသွင်ယူ၍ လုပ်ဆောင်ခဲ့သည်ကို စုံစမ်းသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ထားဝယ်မြို့ ဗျောတောဝရွာလယ် ဇရပ်အနီး ကွမ်းယာဆိုင်ထဲသို့ အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဗုံးမှာ ပေါက်ကွဲသွားခြင်းမရှိဘဲ ဗုံးပစ်သူနှစ်ဦးစလုံးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းမိခဲ့ပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်နေသည်ကို သိရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“စစ်သားဆိုတာသေချာတယ်။ မူးရူးပြီးလာတယ်။ ဘယ်တပ်ရင်းကဆို‌တာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗုံးကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦးကိုလည်း ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။