ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

0
2945

ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံအချို့က ပြောသည်။

ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာချိန်တွင် ပကာရီတံတားနှင့် အညာဖျားချောင်းကြားကို စစ်တပ်ကပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

နှစ်သစ်ကူးညသန်းခေါင်ယံအချိန်တွင် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ည ၁၂ နာရီ ၃ မိနစ်ခန့်တွင် ပကာရီကျေးရွာအပြင်ဘက်ရှိ တံတားဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ စတင်ကြားရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံ မိနစ် ၃၀ ခန့်ကြားရကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“၁၂ ခွဲလောက်ထိတော့ နှစ်ဖက်ပစ်ခတ်သံမျိုးကြားရတယ်၊ စစ်တပ်ဘက်က ည ၂ နာရီအထိ လက်နက်ကြီးနဲ့ပြန်ပစ်တာမျိုးကြားရတယ်၊ ဒီမနက်ကြားရတာ PDF လေးနှစ်ဦး ကျတယ်လို့ကြားရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ပကာရီကျေးရဲကင်းစခန်းဘက်က ပစ်သည့် လက်နက်ကြီးမှာ ကျေးရွာနေအိမ်အနောက်ဘက်နှင့် ရွာလယ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မီတာပုံးများ လက်နက်ကြီးကျည်ထိမှန်ခဲ့သည်ဟု ယင်းကျေးရွာမှ အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

နှစ်သစ်ကူးညက သရက်နှစ်ခွရွာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တစ်ချိန်တည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။