စစ်ကောင်စီက ဖမ်းသွားသည့် လောင်းလုံးဒေသခံ ခေါင်းဖြတ်သတ်ခံရ

0
2135

စစ်ကောင်စီက ဖမ်းသွားသည့် လောင်းလုံးဒေသခံတစ်ဦးမှာ ခေါင်းဖြတ်အသတ်ခံထားရပြီး စစ်ပြဲရွာ အရှေ့ဘက် လယ်ကွင်းစပ် ရေကန်ထဲတွင် လာရောက်ပစ်ထားသည်ကို ယနေ့မနက် (ဒီဇင်ဘာ ၃၀)ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများကပြောသည်။

ခေါင်းမရှိသည့် ခန္ဓာကိုယ်ပိုင်းကို ကွန်ကရစ်တိုင်တွင် ကြိုးနှင့်ချည်ပြီး ရေကန်ထဲသို့ ပစ်ချထားသည်ကို ဒေသခံများကတွေ့ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူမှာ စစ်ပြဲကျေးရွာအုပ်စု၊ပိန်းရှောင်ရွာ စာသင်ကျောင်းအနီး နေထိုင်သူ အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ မောင်တိုးနိုး ဆိုသူဖြစ်ကြောင်း ‌သိရသည်။

မောင်တိုးနိုးသည် နာတာရှည် တီဗီရောဂါခံစားနေရသူ တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်စဉ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“သူက အိမ်မှပဲနေတယ်။ ကျန်းမာရေး မကောင်းဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက မောင်တိုးနိုးနှင့်အတူ ဖမ်းဆီးသွားသည့် စပါးသယ်နေသော အမျိုးသားသုံးဦးကိုလည်း ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၇ ရက်နေ့မှစပြီးအင်အား အလုံးအရင်း ဖြင့် လောင်းလုံး မြို့ကို ကုန်းလမ်း၊ရေလမ်းမှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ဝေဒီရွာ၏ အနောက်တောင်ဘက် ပိန်းရှောင်ရွာနှင့် တစ်ဆက်တည်းရှိသော စစ်ပြဲရွာသို့ စစ်ကြောင်းတစ်ကြောင်းနှင့် ကညုံကျွန်းရွာမှ တစ်ဆက်တည်း ရှိလေးသွန်းခံရွာသို့ တစ်ကြောင်း ဖြစ် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်လာခြင်းဖြစ်သည်။

ယင်းနေ့ မနက်ပိုင်း တွင် ကညုံကျွန်းမှာလာသည့် စစ်ကြောင်းမိုင်းဆွဲခံရပြီး မွန်းလွဲပိုင်းတွင်လည်း ဝေဒီရွာမှာလာသည့် စစ်ကြောင်း မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းပေါင်းကာ စစ်‌ပြဲနှင့် လေးသွန်းခံရွာမှ နေအိမ် ၁၀ ကျော် ခန့်ကို မီးရှို့သွားခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့မနက်ပိုင်းတွင် အောက်ရေဖြူကျေးရွာအုပ်စုသို့ ရောက်ရှိနေပြီး အနောက်ဖက် PDF စခန်းတစ်ခုနှင့် ဒေသခံများ၏ ဆိုင်ကယ်ဆယ်စီးခန့်ကို မီးရှို့ခဲ့ကြောင်းသိရသည်။