ရေဖြူတွင် ရော်ဘာခြံအလုပ်သမားတစ်ဦး ကြိတ်စက်အတွင်း ဆံပင်ညပ်ပါပြီးဒဏ်ရာရ

0
981

ရေဖြူမြို့နယ်၊ မိုင် ၄၀ ရွာရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ရော်ဘာအပြားကြိတ်စက်အတွင်းသို့ ဆံပင်ညပ်ပါပြီး ဦးခေါင်းတွင်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှသိရသည်။

“ အရင်တစ်ယောက်နဲ့ ဖြစ်တဲ့ပုံစံချင်းကအတူတူပဲ။ အရင်တစ်ယောက်ကတော့ မျက်နှာအရေပြားပါသွားတယ်။ အခုတစ်ယောက်ကတော့ မျက်နှာမထိဘူးပေါ့။ နှစ်ယောက်စလုံး ကတော့ ဦးခေါင်အရေခွံကွာသွားတယ်။ ဂုတ်အနားအထိလှန်သွားတယ်“ ဟု အရေးပေါ် ကူညီဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပြီးနောက် အဆိုပါ အမျိုးသမီးကို မောရဝတီရေတပ်ဆေးရုံသို့ တင်ဆောင်လာခဲ့ပြီး ထားဝယ်ဆေးရုံသို့ တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။

ဒီဇင်ဘာလ ၁၈ ရက်ကလည်း ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ရေငံရွာတွင် အလားတူဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦး ရော်ဘာကြိတ်စက်အတွင်း ဆံပင်ညပ်ပါ၍ ဦးခေါင်ခွံအရေပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ထားဝယ်ဆေးရုံ မှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ပြောင်းရွှေ့တင်ပို့ကာ ဆေးကုသမှုခံယူနေရသည်။

“ အရင်က ကြားဖူးတာဆိုလို့ စက်ထဲလက်ဝင်သွားတာမျိုး ကြားဖူးတယ်။ အဲဒါတောင်အမြဲဖြစ်နေတာမဟုတ်ဘူး။ အခုက ၁၀ ရက်အတွင်းမှာ ပုံစံတူ စက်ထဲကို ဆံပင်ညပ်ပါသွားနှစ်ယောက်ရှိနေပြီဆိုတော့ သတိထားသင့်တယ် “ ဟု သူနာပြုဆရာမတစ်ဦးက ပြောသည်။

ယခင်က ရော်ဘာခြံများတွင် အပြားကြိတ်စက်ကို လက်ဖြင့်လည်ပတ်ရသည့်စက်များအသုံးပြုများပြီး နောက်ပိုင်းတွင် ယင်းလက်လှည့်စက်သည် အလုပ်သမားအင်အားပိုသုံးရခြင်းနှင့် ရော်ဘာအပြားအရေအတွက် အထွက်နည်းခြင်းကြောင့် မော်တာအပြားကြိတ်စက်များ ပိုမိုအသုံးပြုလာကြောင်း ရော်ဘာခြံလုပ်ငန်းရှင်များထံကသိရသည်။