ထားဝယ် အောင်မင်္ဂလာရုပ်ရှင်ရုံ ပြန်ဖွင့်နိုင်ရန်ပြင်ဆင်နေ

0
1221

ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ၃ နှစ်ကျော်ပိတ်ထားသည့် ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူထံမှ သိရသည်။

ရုပ်ရှင်ပြစက်နှင့် ရုပ်ရှင်ရုံအခန်း ပြင်ဆင်မှုများပြုလုပ်နေရခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လဝန်းကျင်တွင် ပြန်ဖွင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရုပ်ရှင်ရုံတာဝန်ရှိသူကပြောသည်။

အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစပြီး ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရပ်နားကာ ပိတ်ထားခြင်းဖြစ်သည်။

“ လူတွေစိတ်ညစ်နေတာများပြီလေ ၊ လူတွေ အချိန်ပိုင်းလေး အပန်းဖြေစေချင်တယ်။ ပြီးတော့ ရုပ်ရှင်ပြစက်က မပြတာကြာရင်လေ မိန်းကဒ်တွေပျက်တယ် ။ အခုလည်းတစ်ကဒ်ပျက်နေတယ်။ အဲဒါကိုလည်းစိတ်ပူတယ် ။ အရမ်းသာယာနေလို့ ပြန်ဖွင့်တာမဟုတ်ပါဘူး။ အဓိကက စက်ကိုစိတ်ပူလို့ပြမှာပါ။ အရှုံးနဲ့ပြန်ဖွင့်ရမှာပါ“ ဟု ရုပ်ရှင်ရုံပြန်ဖွင့်ရသည့်အကြောင်းအရင်းကို ရုံတာဝန်ရှိသူက ပြောပြသည်။

ရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ပါက ယခင်ကပွဲချိန်အတိုင်းမဟုတ်ဘဲ ပရိသတ်နှင့်ကန့်သတ်ချက်အမိန့်များ အပေါ်မူတည်ကာ ပွဲချိန်များပြန်လည်စီစဥ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင်လည်း Hello ရုပ်ရှင်ရုံကို ယခုနှစ်မတ်လကစပြီး ပြန်လည်ဖွင့်လှစ်ထားကြောင်း မြိတ်ဒေသခံများထံကသိရသည်။