လောင်းလုံးသဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး အမျိုးသားအလောင်း လာကောက်သူမရှိ

0
1640

လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးတွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည့် အမျိုးသားအလောင်းကို လာရောက်ကောက်ယူသူမရှိဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှသိရသည်။

ယင်းအမျိုးသားအလောင်းမှာ ယနေ့ ဒီဇင်ဘာ ၂‌၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်အထိ လမ်းမပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။

“အပေါ်ပိုင်းမှာ အင်္ကျီမရှိဘူး။ အောက်ပိုင်းမှာတော့ ဘောင်းဘီအပြာရောင်လိုလို၊ အစိမ်းရောင်လိုလိုဝတ်ထားတယ်။ သွေး‌အိုင်ထဲမှာ။ သွေးကတော့ခြောက်နေပြီ” ဟု ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားသူတစ်ဦးကဆိုသည်။

အုန်းသီးဆိုင်းဘုတ်အနီးရှိ နေအိမ်များအားလုံး ပိတ်ထားကြပြီး လမ်းသွား၊ လမ်းလာလည်း မရှိသလောက်နည်းပါးနေကြောင်း ၎င်းကဆိုသည်။

ယင်းဆိုင်းဘုတ်အနီးတွင် ထောင်ထားသော မိုင်းများကို စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်စီးမှု မနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သလို့ ညပိုင်းတွင်း လောင်းလုံးမြို့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

မနေ့ (ဒီဇင်ဘာ ၂၀) ညက လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးတို့တပ်စွဲပြီး စစ်ဆေးငွေညှစ်လေ့ရှိသည့်နေရာတို့အား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုများရှိကြောင်း ကနဦးသိရသည်။

ယင်းတိုက်ခိုက်မှုအသေးစိတ်အခြေအနေအား စုံစမ်းမေးမြန်းပြီးပါက ဆက်လက်ဖော်ပြပေးပါမည်။