လောင်းလုံးပကဖက ဖမ်းထားသည့် PDF နှစ်ဦးပြန်လွှတ်

0
2743

လောင်းလုံးမြို့နယ်(ပကဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF ရဲဘော်နှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၉)မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နေရာတစ်ခုမှာ ချိန်ဆိုပြီးပြန်လွတ်ပေးလိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)တပ်ရင်းမှ ရဲဘော်သားကြီးနှင့် လောင်းလုံးမြို့နယ်(ပကဖ)လက်အောက်ခံ ဝံပုလွေတပ်စုမှ ရဲဘော်ရေခဲတို့ကို လောင်းလုံးမြို့နယ်(ပကဖ)အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ရဲဘော်သားကြီးမှာ ရဲဘော်ရေခဲကိုသွားကြိုပြီး လောင်းလုံးမြို့အဝင် အုန်းသီးရုပ်ပုံနားတွင် ဝံပုလွေတပ်စုကို နှစ်ယောက်အတူ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းသို့စောင့်ဆိုင်းရင်း အပေါ့သွားစဉ် လောင်းလုံး(ပကဖ)တပ်ဖွဲ့များထောင်ထားသည့် မိုင်းကြိုးကို ရဲဘော်သားကြီးက ဖြတ်ပစ်မိခဲ့သဖြင့် လောင်းလုံး(ပကဖ)တာဝန်ခံ မမကြီးနှင့် နဂါးမင်းတို့က ၎င်းတို့ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်၍ တာဝန်ခံမမကြီးက ပြောဆိုထားသည်။

ဒီဇင်ဘာ ၁၁ ရက်က လောင်းလုံးပကဖရှိရာ သဗျာကျေးရွာအထိလိုက်သွားပြီး ရဲဘော်နှစ်ဦးကို ပြန်တောင်းသည့် ဝံပုလွေတပ်စုကို လောင်းလုံး(ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအောင်ခိုင် က ဒီဇင်ဘာ ၁၇ ရက်က လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြောဆိုထားသည်။

ရဲဘော်နှစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးရန် ယင်းထုတ်လွှင့်မှုတွင် ကိုအောင်ခိုင်က တောင်းဆိုထားသည်။

ရဲဘော်နှစ်ဦးအဖမ်းခံရသည့်ကိစ္စဖြင့် လောင်းလုံး(ပကဖ)နှင့် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၊ ဝံပုလွေတပ်စုတို့အကြားတွင် ညှိနှိုင်းမရဘဲ အခြေအနေတင်းမာခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြားဝင်ဖြေရှင်းပေးခဲ့သည်ဟု သိရသည်။

ထိုကာလမှာပင် ရဲဘော်နှစ်ဦးကို လောင်းလုံး(ပကဖ)တာဝန်ရှိသူများက သတ်လိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်လာသည်။

ဖမ်းဆီးခံထားရသည့်ရဲဘော်နှစ်ဦး ကိစ္စနှင့်ပက်သက်ပြီး မဟုတ်မမှန် ကောလာဟလသတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ Live လွှင့်ရှင်းပြရခြင်းဖြစ်ကြောင်း လောင်းလုံး(ပကဖ) တာဝန်ခံ မမကြီးက ပြောသည်။

“အခုထိတော့ ဒီပြဿနာက ဖြေရှင်းချိန်မှာ ပြေလည်ခြင်းမရှိသေးဘူးဖြစ်နေလို့ ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိစွာ အခုလို Live လွှင့်ရှင်းပြရတာဖြစ်ပါတယ်၊ ဒီပြဿနာကိုပြေလည်စေချင်တဲ့ စိတ်ဆန္ဒတစ်ခုပဲရှိပါတယ်” ဟု မမကြီးက ဆိုထားသည်။

လောင်းလုံး(ပကဖ)တာဝန်ခံ မမကြီးက ရဲဘော်နှစ်ဦးကို ပြန်လွတ်ပေးမည်ဆိုသည့်ကိစ္စကို Live လွှင့်ပြောဆိုခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် နှစ်ဖက်အဖွဲ့အချိန်းအချက်ပြုလုပ်ကာ ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

ဝံပုလွေတပ်စုက ၎င်းတို့စခန်းမှ သိမ်းယူသွားသည့် လက်နက်ခဲယမ်းများကိုလည်း ပြန်ပေးရန် မမကြီးက တောင်းဆိုထားသည်။