ညောင်ဇင်ရွာတွင် စစ်ကောင်စီတပ် နေအိမ်များကိုစစ်ဆေးနေချိန် မိုင်းကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

0
1210

သရက်ချောင်းမြို့နယ် ညောဇင်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်များကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲပြီး လမ်းသွားလမ်းလာ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ညောင်ဇင်ရွာကို ဒီဇင်ဘာလ ၁၇ရက် နံနက် ၈ နာရီခန့်တွင် ကား ၃ စီးဖြင့် ရောက်ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် နေ့လယ် ၁၂ နာရီခန့်တွင် ညောင်ဇင်ရွာမြောက်ဘက်ပိုင်း လမ်းမဘေးရှိ နေအိမ်များကို ဝင်ရောက်ကာ စစ်ကောင်စီ တပ်သားများက ဖုန်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ညောင်ဇင်ရွာဈေးနှင့် စာသင်ကျောင်းကြားရှိ တံတားငယ်တွင် မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“လမ်းမတန်းက အိမ်တွေကို စစ်ပြီးတာနဲ့ပဲ ပေါက်ကွဲသံကြားတာပဲ။ မိုင်းခွဲခံရပြီးတော့ စစ်တပ်က လျှောက်ပစ်တယ်။ (ဒဏ်ရာရတဲ့သူ) အဲဒီလူကိုတော့ သုံးဘီးနဲ့ ထားဝယ်ဆေးရုံကို တင်သွားတယ်” ညောင်ဇင်ရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ မည်သူမည်ဝါဖြစ်သည်နှင့် ဒဏ်ရာအခြေအနေတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က ယင်းနေရာအနီးတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“ငါးဝေဆိပ်ဘက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်လိုက်တာ ဆူညံနေတာပဲ။ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု ရှိမရှိဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျမသိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ရက် ညနေ ၄ နာရီခန့်တွင် ညောင်ဇင်ရွာသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သရက်နှစ်ခွရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။