လောင်းလုံး ညင်းမော်ရွာတွင် စစ်ကောင်စီတပ်က ရွှေ‌၊ ပိုက်ဆံနှင့် ဆိုင်ကယ်များသိမ်းယူ

0
797

စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာရှိ နေအိမ်များကို ဒီဇင်ဘာလ ၁၃ ရက် ညသန်းခေါင်အချိန်တွင် ဝင်ရောက်ရှာဖွေပြီး ရွှေ၊ပိုက်ဆံနှင့် ဆိုင်ကယ်များကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ည ၁၁ နာရီကျော်အချိန်တွင် လောင်းလုံးမြို့ပေါ်မှ ကားငါးစီးဖြင့် ကပ်လျက်ရှိ ညင်းမော်ကျေးရွာသို့ ရုတ်တရက်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းနောက် ရွာလမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များအတွင်း အဓမ္မဝင်ရောက်ကာ ရွှေ၊ ပိုက်ဆံ၊ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းယူဆောင်သွားကြောင်း ‌သိမ်းဆည်းခံရသည့် ဒေသခံများကပြောသည်။

“ရွှေပါတဲ့သူပါ၊ ပိုက်ဆံပါတဲ့သူပါ၊ ဆိုင်ကယ်ပါတဲ့သူပါ တော်တော်များများပါသွားကြတယ်။ ( ကျပ်) သိန်း ၆၀ လောက်အထိပါတဲ့သူလည်းရှိတယ်။ ကျွန်မတို့မှာ‌တော့ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးပါတယ်” ဟု သိမ်းဆည်းခံရသူတစ်ဦးဖြစ်သည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

လိုင်စင်မရှိဟုဆိုကာ ဆိုင်ကယ်အစီးရေ အနည်းဆုံးဆယ်စီးကို သိမ်းဆည်းသွားပြီး သိမ်းဆည်းထားသည့်ဆိုင်ကယ်ကို ပိုက်ဆံဖြင့်ရွေးယူခဲ့ရသည်လည်းရှိကြောင်းဆိုသည်။

“လိုက်မေးကြည့်ရသလောက်တော့ အားလုံးပေါင်းဆို (ကျပ်) သိန်းလေးငါးရာ အနည်းဆုံးရှိမယ်ပါသွားတာလေ။ အဲဒါဆိုင်ကယ်တွေမပါသေးဘူး။ ဆိုင်ကယ်ပါဆို တော်တော်များမှာ” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။

‌ယင်းအပြင် ညသန်းခေါင်အချိန် ရော်ဘာခြစ်ရန် သုံးဘီဆိုင်ကယ်ဖြင့်ထွက်လာသည့် အမျိုးသားတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကဆိုသည်။

ပစ်ခတ်ခံရသည့်အမျိုးသားမှာ သုံးဘီးဆိုင်ကယ်ထားပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း‌ ပြောဆိုသည်။

“အဲဒီသုံးဘီးကိုလည်း သူတို့( စစ်ကောင်စီတပ်က) ယူသွားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းမရှိဘဲ၊ ရွှေ၊ ပိုက်ဆံ၊ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကိုသာ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ယင်းမတိုင်ခင် ဒီဇင်ဘာလ ၁၃ ရက်ကလည်း လောင်းလုံးမြို့အနီး သဗျာ၊ အင်းဇောက်ကျေးရွာများသို့ စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတို့ကြောင့် ဒေသခံလေးဦးခန့် အဖမ်းခံခဲ့ရ‌ေသးသည်။