ထားဝယ်ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရ

0
1644

ထားဝယ်မြို့နယ် ဇီးကျရွာ၏အရှေ့ဘက် ကားလမ်းမနှင့် ရထားလမ်းကြားတွင်ရှိသော ထားဝယ်အကျဉ်းထောင်သစ်တည်ဆောင်ရေးလုပ်ငန်းခွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက မီးရှို့ခံရကြောင်း ‌​ဒေသခံအချို့ထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင်များ လာရောက်မီးရှို့ခြင်းဖြစ်ကြောင်း အကျဉ်းထောင် တည်ဆောက်ရေးတွင်ပါဝင်သည့် လုပ်သားတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။

ဘက်ဟိုးတစ်စီးနှင့် အလုပ်သမား အဆောင်တို့ကို မီးရှို့ခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

” ဒီနေ့ကစပြီး (လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို) လုံးဝမမြင်ချင်ဘူးလို့ပြောခဲ့တယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့နောက် PDF တပ်ဖွဲ့ဝင်များသည် လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်ခဲ့သေး​သည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ထားဝယ် အကျဉ်းထောင်သစ်တည်ဆောက်ရေး လုပ်ငန်းခွင် အလုပ်သမားများ ထွက်ပြေးလာကြကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မနက်က ပစ်ခတ်သံနဲ့မီးခိုးလုံးတွေ မြင်ရတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးသည့်နောက် မောင်မယ်ရှောင်၊ ဇီးကျရွာများတွင် ယခု မွန်းတည့်ပိုင်းအထိ အသွားအလာမရှိ ငြိမ်သက်ကာ စစ်ကောင်စီတပ်က လည်း ဘုရားမဲစစ်ဆေးရေးဂိတ်တွင် အင်အားဖြည့်တင်းထားကြောင်း ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် စတင်ဘာလ ၃၀ ရက်နေ့ကလည်းထားဝယ် အကျဉ်းထောင်သစ် တည်ဆောင်ရေး ကနဦးလုပ်ငန်းများလာရောက်လုပ်ဆောင်သည့် အကျဉ်းထောင် ဝန်ထမ်း နှစ်ဦးနှင့် အကျဉ်းသားငါဦးကို DGRF အဖွဲ့က ဖမ်းဆီးကာ အကျဉ်းထောင်ဝန်ထမ်း နှစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး အကျဉ်းသားများကိုမူ လွတ်ပေးလိုက်သည်ဟု DGRF က ထုတ်ပြန်ခဲ့သည်။