ထားဝယ်တွင် CDM ရဲတစ်ဦး၏ မိသားစုကို လက်နက်ကိုင်လေးဦးက ခြိမ်းခြောက်ငွေညှစ်

0
2121

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာက CDM ရဲတပ်သားတစ်ဦး၏ မိသားစုကို လက်နက်ကိုင်ထားသည့် လူလေးဦး လာရောက်ခြိမ်းခြောက်ပြီး ကျပ်သိန်းလေးဆယ် တောင်းကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၉ရက် ည ၇နာရီခန့်တွင် လက်နက်ကိုင်ထားသည့် လူလေးဦးက ဟိန္ဒားရွာထဲက ရွာသားတစ်ဆယ်ခန့်အား ခေါ်ယူကာ CDM ရဲတပ်သား ကိုသီဟ (ခေါ်) ကိုမျိုးသီဟကျော် မည်သည့်နေရာတွင် ရှိနေသည်ကို မေးမြန်းစစ်ဆေးခဲ့ကြောင်း ရဲတပ်သား၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းနောက် ကိုမျိုးသီဟကျော် မိဘများ၏ နေအိမ်ကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး ၎င်းတို့မှာ ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ကော်သူးလေတပ်မတော်ကဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကိုမျိုးသီဟကျော် မရှိသဖြင့် ဖခင်ဖြစ်သူကို ပြောဆိုဆွေးနွေးရန် ရှိသည်ဟုဆိုကာ အိမ်အနီးက တံတားအနီးသို့ ည ၇ နာရီခွဲခန့်တွင် ခေါ်ဆောင်သဖြင့် မိခင်ဖြစ်သူပါ လိုက်သွားကြောင်း နီးစပ်သူက ဆက်လက်ပြောဆိုသည်။

“လာတာက လေးယောက်တည်းလာတယ်။ သေနတ်နှစ်လက်ပါတယ်။ မူးရူးနေတာပဲ။ ပိုက်ဆံပဲတောင်းတယ်။ (ကိုသီဟကို) သတ်မယ် ဖြတ်မယ်ဆိုပြီးပြောတာတွေရှိတယ်။ ရှင်းရှင်းပြောရရင် သတ်မယ်ခြိမ်းခြောက်ပြီးတော့ ဓားပြလာတိုက်သွားတဲ့ ပုံစံပဲ” ဟု မိသားစုဝင်နှင့်နီးစပ်သူ ပြောသည်။

ကိုမျိုးသီဟကျော် ရှိသည့်နေရာကို ၎င်း၏ မိဘကိုမေးမြန်းခဲ့ပြီး ကိုမျိုးသီဟကျော်သည် မူးယစ်ဆေးရောင်းနေသည့်အပြင် ကော်လဖိုးအဖွဲ့ကိုပါ စိန်ခေါ်ထားသဖြင့် ငွေကျပ် သိန်းလေးဆယ်ပေးရမည်ဟု တောင်းဆိုကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။

“သိန်းလေးဆယ်တောင်းတယ်။ သူ့အဖေနဲ့အမေကလည်း သိန်းလေးဆယ်ဆိုလည်း မရှိဘူးဆိုပြောတော့ အဲဒီလိုဆို သိန်းနှစ်ဆယ်တဲ့၊ နှစ်ဆယ်လည်း မပေးနိုင်ဘူးဆိုပြောတော့ ဆယ်သိန်းဆိုပြောတယ်။ အဲဒါနဲ့ ဆယ်သိန်း ရှာပေးလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ခြိမ်းခြောက်ငွေတောင်းမှုနှင့် ပတ်သက်၍ ကော်သူးလေအာမီ၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက Dawei Watch က ဆက်သွယ်မေးမြန်းရာ ငွေတောင်းသူတို့မှာ ကော်သူးလေတပ်မတော်က မဟုတ်ကြောင်း ဖြေကြားသည်။

“မျက်နှာပိတ်တွေနဲ့လူတွေ လာပြီးတော့ ရော်ဘာခြစ်တဲ့သူတွေကို လာပြီးတော့ ဖမ်းတာတွေလည်းရှိတယ်လို့ပြောတယ်။ အဲဒီအဖွဲ့က ဘယ်အဖွဲ့ကမှန်း သူတို့လည်းမသိဘူးတဲ့။ မျက်နှာတွေ အကုန်လုံးပိတ်ထားတယ်ဆိုတော့။ ကျွန်တော်တို့ အဖွဲ့က လူတွေလည်း ညကဘယ်ကိုမှ သွားတာမရှိဘူးပေါ့နော်။ ကျွန်တော်တို့အဖွဲ့ကတော့ မဟုတ်ဘူး။ သက်သက်မဲ့ ပုံဖျက်တာလားတော့ မသိဘူးပေါ့နော်” ဟု ကိုချမ်းက ပြောသည်။

ကိုမျိုးသီဟကျော်၏ နေအိမ်သို့ ငွေလာတောင်းသူများထဲတွင် ရော်ဘာခြစ်နေသည့် ရွာခံတစ်ဦးပါဝင်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူက ဆိုသည်။