ဖမ်းဆီးခံ ထားဝယ်အရှေ့တောဒေသခံ လေးဆယ်နီးပါးပြန်လွတ်၊ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး မလွတ်သေး

0
2044

ထားဝယ် အရှေ့တောဒေကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ လေးဆယ်နီးပါး ပြန်လွတ်လာပြီး သုံးဦးပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် အရှေ့တောနယ်မြေ ပကာရီကျေးရွာကို မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်လာသည်။

အင်အား ၃၀ ကျော်မှာ ပကာရီကျေးရွာတွင် ကျန်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျောက်မဲတောင် ရဲစခန်းဘက်ကို ပခပ်ရွာလမ်းမှတဆင့် တောလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား အမျိုးသား၊ အမျိုးသမီး လေးဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများကို စစ်ကောင်စီတပ် စစ်ကြောင်းက ၎င်းတို့၏ ရိက္ခာပစ္စည်းများကို သယ်ခိုင်းပြီး ဖုန်းများကို သိမ်းဆည်းထားခဲ့ကြောင်း ဒေသခံတို့ ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို နိုဝင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်မဲတောင်စခန်းသို့ ရောက်ရှိချိန်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဝကုန်းရွာသား အသက် ၃၀အရွယ် အမျိုးသားတစ်ဦးကို ဆက်လက် ဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လွှတ်ပေးလိုက်သူများအနက် ဝကုန်းရွာသူ အသက် ၁၄နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ဖုန်းကျန်ခဲ့သဖြင့် ပြန်လာယူရန် ခေါ်ယူကာ ဖမ်းဆီးထားပြန်ကြောင်း ဝကုန်းရွာက ဒေသခံအချို့က ဆိုသည်။

“ကျွန်မတို့ရွာက အားလုံး ၁၂ ယောက် ပါ(လွတ်လာ) တယ်။ သုံးယောက်တော့ ကျန်နေသေးတယ်” ဟု ဝကုန်းကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

မိန်းကလေးနှစ်ဦးမှာ အသက် ၁၄ နှစ်ခန့်သာရှိသည့် ကျောင်းနေအရွယ် ကလေးများဖြစ်သဖြင့် ပြန်လွှတ်ပေးရန် မိဘများက တောင်းဆိုနေကြကြောင်း ဒေသခံအချို့က ဆိုသည်။

ဆက်လက် ဖမ်းဆီးထားသူ သုံးဦးကို နောက်ရက်တွင် ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုထားသည်ဟုလည်း ဒေသခံအချို့က ပြောဆိုသည်။

အမျိုးသားကိုမူ ကျောက်မဲတောင်မှ ဆက်လက်ထွက်ခွာလာသည့် စစ်ကြောင်းက ခေါ်ဆောင်သွားပြီး အမျိုးသမီးငယ် နှစ်ဦးကိုမူ စခန်းတွင်သာ ခေါ်ထားသည်ဟု သတင်းရကြောင်း ဒေသခံများက ပြောသည်။