ထားဝယ်မြို့သစ်တွင် သေနတ်သံများထွက်ပေါ်

0
2381

ထားဝယ်မြို့သစ် ကညနရုံးအနီးဝန်းကျင်တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သီဟဌေးမင်္ဂလာခန်းမဘက်ခြမ်းတွင် ည ၇နာရီ ၅၅ မိနစ်ခန့်က သေနတ်သံတစ်ချက် ပထမဆုံးအကြိမ် ထွက်ပေါ်လာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ထို့နောက် မိနစ်အနည်းငယ်အကြာတွင် သေနတ်သံ ၁၀ ချက်ခန့် ထပ်မံထွက်ပေါ်လာပြီး လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များ အပြင်းမောင်းနှင် ပြေးလွှားနေသည်ကို တွေ့ရကြောင်း အထက်ပါ မြို့ခံက ပြောသည်။

“ပထမတစ်ချက်နဲ့ နောက်တစ်ချက်က တစ်မိနစ်တောင် မကွာဘူး။ အဲဒီလမ်းကနေ ကားတွေ ဆိုင်ကယ်တွေ အတင်း မောင်းလာတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းနောက် တတိယအကြိမ် သေနတ်သံများ ထပ်ကြားရကြောင်း အဆိုပါ မြို့ခံက ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် သေနတ်ထိမှန်ဒဏ်ရာရသူများရှိသည်ဟု အခြားမြို့ခံအချို့က ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပစ်ခတ်သည့်ပုံစံအရ အပြန်အလှန်ပစ်ခတ်သည့် အနေအထား မဟုတ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။

မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သည်ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက ထားဝယ်မြို့တွင် ညမထွက်ရအချိန်ကို ည ၁၁ နာရီမှ နံနက် ၃ နာရီအထိသတ်မှတ်ထားသည်။

သို့ရာတွင် ယင်းအချိန်မတိုင်မီ ည ၈ နာရီဝန်းကျင်ကတည်းကပင် လမ်းသွားလမ်းလာ မရှိသလောက်နည်းပါးသွားလေ့ရှိသည်။