ထားဝယ်တွင် စက်သုံးဆီပြတ်ပြီး အရောင်းဆိုင်ကြီးများ အရောင်းပိတ်

0
899

ထားဝယ်မြို့တွင် စက်သုံးဆီပြတ်လပ်နေသဖြင့် အရောင်းဆိုင်ကြီးများအားလုံး အရောင်းပိတ်ထားကြောင်း မြို့ခံအချို့ကပြောသည်။

ကမြောကင်းတံတားအနီးက DDPC စက်သုံးဆီဆိုင်၊ ဆန်ချီရှိ ရနံ့သစ်၊ ရှမ္မလည်ဆွဲရှိ Petro Green စသည့် စက်သုံးဆီဆိုင်ကြီးများ အရောင်းပိတ်ထားခြင်းဖြစ်ကြောင်း တက္ကစီသမားတစ်ဦးကပြောသည်။

“(စက်သုံး) ဆီလိုလို့ လိုက်ရှာတာ တစ်မြို့လုံးနှံ့နေပြီ။ ဘယ်မှာမှဝယ်မရဘူး” ဟု ၎င်းတက္ကစီသမားကဆိုသည်။

မြို့တွင်းရှိ တစ်နိုင်တစ်ပိုင် စက်သုံးဆီဆိုင်အသေးများနှင့် ကမ်းနားလမ်းရှိ ဆီဘောတွင်မူ ရောင်းချ‌ပေးသေးသည်ဟု မြို့ခံအချို့ကဆိုသည်။

ဆိုင်ကြီးများတွင်မူ စက်သုံးဆီပြတ်လပ်နေသည်မှာ သုံးရက်ရှိနေပြီဖြစ်ကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီး၏ မန်နေဂျာတစ်ဦးက Dawei Watch ကိုပြောဆိုသည်။

ရန်ကုန်မြို့သို့ စက်သုံးဆီတင်ရန်သွားသည့် ဆီဘောင်ဆာများပင် ယနေ့အချိန်အထိ ဆီမဖြည့်ရသေးသဖြင့် မည့်သည့်အချိန် စက်သုံးဆီပြန်ရမည်ကို အတိအကျမပြောနိုင်ကြောင်း ၎င်းကဆိုသည်။

“ဘယ်အချိန်ရမယ်ဆိုတာ မပြောနိုင်သေးဘူး။ ရန်ကုန်ရောက်နေတဲ့ဆီကားတွေပေါ်ကိုတောင် ဆီမထည့်ပေးသေးဘူး” ဟု ၎င်းမန်‌နေဂျာက ယနေ့နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီအချိန်က ပြောဆိုသည်။

မြို့တွင်းစက်သုံးဆီဝယ်ယူရခက်ခဲနေပြီး ဈေးနူန်းလည်းမြင့်တက်နေကြောင်း မြို့ခံအချို့ကပြောသည်။

“နှစ်ထောင်ဖိုးဝယ်ရင်တောင် ရေသန့်ဘူးနဲ့ တစ်ဝက်ပဲရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

ရေသန့်တစ်ဘူးတွင် တစ်လီတာပါဝင်သည်။ နှစ်ထောင်ကျပ်ဖိုးဝယ်လျှင်ရေသန့်ဘူး တစ်ဝက်သာရပါက တစ်လီတာ ကျပ်လေးထောင်ခန့်ဖြင့် ပေးဝယ်နေရသည့် သဘောဖြစ်သည်။

စက်သုံးဆီမပြတ်လပ်မီ လွန်ခဲ့သည့် လေးရက်ခန့်ကမူ ထားဝယ်မြို့ပေါ်တွင် စက်သုံးဆီတစ်လီတာ ၂၅၀၀ ကျပ်ခန့်ပေးဝယ်ရကြောင်း မြို့ခံအချို့ထံမှသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့အပါအဝင် တနင်္သာရီတိုင်းရှိ မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှု မကြာခဏဖြစ်ပွားနေပြီး အလုအယက်တန်းစီ ဝယ်ယူရသည်လည်းရှိခဲ့ဖူးသည်။