ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

0
1543
ဓာတ်ပုံ - ဇမ္ဗူသီရိအဖွဲ့

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။

“အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။

မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး မြေဖုံးခဲ့သည်ဟု အိမ်ပြိုကျရာတွင် ပါဝင်သည့် ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။

“အခက်အခဲဖြစ်နေတယ်၊ အခုအရမ်းဒုက္ခဖြစ်နေတယ်၊ အိမ်ပြိုကျရာပါတဲ့လူတွေကလည်း တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ အရမ်းဒုက္ခဖြစ်နေတယ်၊ ကျွန်မမှာလည်း လက်ရှိနေစရာမရှိတော့ဘူး၊ ကလေးငယ်တွေကလည်း ရှိသေးတယ်၊ အခုနေနေတာ ဆွေမျိုးအိမ်မဟုတ်ပါဘူး၊ သူစိမ်းအိမ်ပါ၊ ခေတ္တခဏပေးနေဖို့ လိုက်ပြောတာ ဘယ်သူ့အိမ်ကမှ လက်မခံဘူး၊ မြို့မှာဆေးရုံတက်နေလို့ လူမရှိတဲ့အိမ်က ခဏပေးနေလို့ နေနေရတယ်” ဟု ၎င်းက ဆိုသည်။

မြေပြိုကျမှုကြောင့် မနေ့ညနေပိုင်းက ထားဝယ်-ရှင်မော်သွားကားလမ်း ၁၀ မိနစ်ခန့်ပိတ်သွားခဲ့ပြီး ရွာသူ၊ ရွာသားများက ပြိုကျလာသည့် မြေများကို ဝိုင်းဝန်းရှင်းလင်းခဲ့ကြသဖြင့် လမ်းပြန်ပွင့်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အခု လူကြီးတွေလည်း လာကြည့်ပေးနေတယ်၊ ပရဟိတကားတွေလည်း လေးငါးစီးရောက်နေတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၅ ရက်ကလည်း ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုကြောင့် လူနေအိမ်ခြောက်ဆောင် မြေဖုံးခဲ့ပြီး သက် ၆၀ ကျော်နှင့် ၈၀ ခန့်အရွယ် သက်ကြီးရွယ်အို သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။