မောင်းမကန်ရဲစခန်းအနီး ရဲကားမိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

0
2162

လောင်းလုံးမြို့နယ် မောင်းမကန်ရွာလမ်းပိုင်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းမှ ဂတ်စာရေး ရဲတပ်ကြပ်ရဲညွန့် ဖြစ်ကြောင်းသိရသည်။

ယနေ့(ဇွန် ၂၃) နံနက် ၁၀ နာရီကျော်ခန့်က မောင်းမကန်ရွာနှင့် နယ်မြေရဲစခန်းအနီး လမ်းပိုင်းတစ်နေရာတွင် တိုက်ခိုက်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ပထမကပေါက်ကွဲသံကြားတယ်။ ပြီးမှသေနတ်သံတွေ ထွက်လာတာ အများကြီးပဲ” ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က ယူဆကြသော်လည်း မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဆိုသည့် အသေးစိတ် အခြေအနေကို မသိရသေးပေ။

အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မောင်းမကန်တောင်တက်လမ်းကို ယနေ့ညနေသုံးနာရီ ခန့်ကတည်းက ပိတ်ဆို့စစ်ဆေးနေပြီး မောင်းမကန်ရွာဘက်ကို သွားမည့်ခရီးသည်များ ယခုအချိန်အထိ သွားခွင့်မရသေးကြောင်း ယနေ့ညနေ ၄ နာရီခန့်က မေးမြန်းမှုအရသိရသည်။

“မောင်းမကန်ရွာဘက်ကို ဆက်သွားလို့မရသေးဘူး တစ်ချို့ကလည်း ထားဝယ်ဘက်ပြန်နေကြတယ်”ဟု ဒေသခံများထံမှသိရသည်။

ယင်းအပြင် မောင်းမကန်ရွာအနီးရှိ သဘော့ဆိပ်၊ပြင်ကြီးကျေးရွာများမှ ဒေသခံအချို့မှာလည်း စစ်ကြောင်းထိုး ဝင်ရောက်မည်ကိုကြောက်ပြီး ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။

ယနေ့မနက် တိုက်ခိုက်မှုတွင် ဒုရဲအုပ်အဆင့်ရှိသူ နောက်တစ်ဦးထပ်မံသေဆုံးပြီး အခြားဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း သီးခြင်းအတည်မပြုနိုင်သေးပေ။

ယနေ့ညနေ ၅ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သည် မောင်းမကန်တောင်တက်လမ်းမှနေ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။