ထားဝယ်တွင် အမျိုးသမီးကြီးတစ်ဦး ကိုဗစ်ဖြင့်သေဆုံး

0
2393

ထားဝယ်တွင် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးကြောင်း ချမ်းမြေ့ဆေးရုံနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ထံတို့က သိရသည်။

မေလ ၂၇ရက် ညပိုင်းတွင် ချမ်းမြေ့ဆေးရုံသို့ ရောက်ရှိလာသည့် ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာက အမျိုးသမီးကြီးတစ်ဦးကို ဆေးစစ်ချက်များရယူရာ ကိုဗစ်ပိုးတွေ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာယုဝါက ပြောသည်။

အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးသည် ရွာတွင် နေမကောင်းဖြစ်နေသည်မှာ ၅ ရက်ရှိပြီဖြစ်ပြီး ချမ်းမြေ့ဆေးရုံကို ရောက်လာစဉ် ဆီးချို ၅၃၀ အထိတက်‌နေ‌သည့်အပြင် သွေးပေါင်ချိန် ၈၀/၃၀ နှင့် နှလုံးခုန်နှုန်းမှာ ၁၈၀ အထိမြန်နေကြောင်း ၎င်းက ဆိုသည်။

“လာတာက ငါးရက်ဆိုနောက်ကျနေပြီလေ။ ဗိုင်းရပ်စ်က ကိုယ်ထဲဝင်ပြီး တစ်ရက်နှစ်ရက်မှာ ချက်ချင်း တိုက်ရတယ်။ ဆိုလိုတာက ဖျားပြီးတစ်ရက်နှစ်ရက်ထဲမှာ ကျွန်တော်တို့နားကိုလာရင် ဗိုင်းရပ်စ်ဆေးကို တစ်ရက်နှစ်ရက်ထဲမှာ ရအောင်ကုနိုင်တယ်။ အဲဒီလိုဆို အချိန်မီကုနိုင်တယ်။ လာတည်းက ငါးရက်ဆို ကိုယ်ထဲဝင်သွားပြီဗျ။ ငါးရက်လောက် ဖြစ်သွားပြီဆို ကိုဗစ်ဆေးသောက်လည်း မထူးခြားတော့ဘူးတဲ့။ ခန္ဓာကိုယ်ထဲအရမ်းပွားသွားပြီ” ဟု ဒေါက်တာယုဝါက ရှင်းပြသည်။

ကိုဗစ်ပိုးတွေ့သည့် လူနာအမျိုးသမီးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပြီး ဆေးကုသမှုခံယူနေစဉ် တစ်နာရီခန့်အတွင်း သေဆုံးသွားကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ ဆုံးသွားတယ်။ နာရေးကူညီမှုအသင်းက အသုဘချမှာပါ” ဟု တာဝန်ရှိသူက ဆိုသည်။

ယခုကာလတွင် သာမာန်ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်းဖြစ်နိုင်သလို သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ကိုဗစ်ကြောင့်လည်း ဖျားနာနိုင်သောကြောင့် ဆေးရုံဆေးခန်းကို နှစ်ရက်သုံးရက်အတွင်း ပြနိုင်လျှင် ပိုကောင်းကြောင်း ဒေါက်တာယုဝါက ပြောဆိုသည်။

ယင်းအပြင် ကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ မျိုးဗီဇပြောင်း အမျိုးအစားဖြစ်နေသောကြောင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားရုံမျှနှင့် မလုံလောက်တော့ဘဲ အားဖြည့်ကာကွယ်ဆေးကိုလည်း အကြိမ်ပြည့် ထိုးထားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

ထားဝယ်တွင် ကိုဗစ်ပိုးတွေ့ပြီးနောက် သေဆုံးသူသုံးဦးစလုံးမှာ ရောဂါအခံရှိသူများဖြစ်သည်။