ထားဝယ် ဝကုန်းရွာက နေအိမ် ၁၀ ကျော် မီးရှို့ခံရ

0
3702

ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နေအိမ်များ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ခံနေရပြီး ညနေပိုင်းအထိ မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၇ ရက်နေ့က သင်္ကန်းတုံးနှင့် ဝကုန်းရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခန့်တွင်မူ စစ်ကောင်စီတပ်က ဝကုန်းရွာထဲသို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့ဝင်ရောက်လာပြီးနောက် မိနစ် အနည်းငယ်အကြာတွင် မီးစလောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ညနေ ၃ နာရီအထိ မီးလောင်နေဆဲ ဖြစ်ပြီး နေအိမ် ၁၅ လုံး ဝန်းကျင် မီးလောင်ပျက်စီး သွားပြီဖြစ် ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“မီးရှို့ခံရတဲ့နေအိမ်တွေက ပြာကျနေပြီ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၇ ရက်နေ့က တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ၎င်းတို့က ဆိုသည်။

ဝကုန်းရွာတွင် စစ်ကောင်စီတပ် ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

လက်ရှိကာလတွင် စစ်ကောင်စီတပ်သည် ထားဝယ် အရှေ့တောနယ်ဖက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။