မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံး PDF ထုတ်ပြန်၊ ပျူစောထီးလက်ချက်ဟု သတင်းထွက်

0
3650

လောင်းလုံးမြို့နယ် ဝေဒီရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်ကွဲမှု ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်လိုက်သလို ဒေသခံအချို့ကလည်း ပျူစောထီး(စွန်ရဲ)အဖွဲ့၏လက်ချက် ဟုပြောဆိုနေကြသည်။

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုမှာ LLPDF အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဘဲ ယင်းသို့လုပ်ဆောင်မှုအား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လောင်းလုံးPDFက ထုတ်ပြန်လိုက်သည်။

ဝေဒီရွာတွင် မင်္ဂလာပွဲများ ပြုလုပ်လျှင် ပျူစောထီးအဖွဲ့ကို ငွေပေးရပြီး မပေးပါက ယင်းအဖွဲ့က သတိပေးခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သိရတာက ပိုက်ဆံမပေးလို့ လုပ်တယ်ဆိုပြီး သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ဝေဒီရွာတွင် မင်္ဂလာဆောင်တစ်ခုပြုလုပ်ခဲ့ပြီး နောက်ထပ်လည်း မင်္ဂလာပွဲများ ဆက်ရှိနေသည့်အတွက် ဒေသခံများက ယနေ့ဖြစ်စဉ်အပေါ် စိုးရိမ်နေကြသည်။

“ဒီနေ့ မင်္ဂလာပွဲနှစ်ပွဲလုပ်တယ်။ ကျန်တဲ့တစ်ပွဲကလည်း အေးဆေးပဲ။ အရင်နေ့က ပွဲကလည်း အေးဆေးပဲ ပြီးသွားတာ။ ဒီပွဲကျမှဖြစ်တာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

ယနေ့ ဗုံးပေါက်ကွဲသည့် မင်္ဂလာနေအိမ်မှာ ဦးတင်းသိန်း၊ ဒေါ်အေးချစ်တို့၏ မင်္ဂလာနေအိမ်ဖြစ်ပြီး ရိုးရိုးသားသားနေထိုင်သည့် မိသားစုဝင်များသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ မင်္ဂလာဆောင် နေအိမ်တွင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထားဝယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကာ ပွန်းပဲ့ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ပျူစောထီးဟုဆိုသူ ဝေဒီရွာသားတစ်ဦး ပစ်သတ်ခံရပြီးနောက် ယင်းအဖွဲ့က ဒေသခံများကို ပြောဆိုခြိမ်းခြောက်ခြင်းများလည်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ပြည်သူများအထင်မြင်လွဲမှား စေရန် လုပ်ကြံဖန်တီးမှုများရှိနေပြီဖြစ်၍ ပြည်သူများ အချိန်နှင့်အမျှ သတိရှိကြရန် LLPDF က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အလှူမင်္ဂလာပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကမ်းခြေနှင့် လူစုလူဝေးနေရာများကို ရှောင်ရှားရန်လည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။