ထားဝယ်-မြိတ် ကားလမ်း သရက်နှစ်ခွရွာအဝင်တွင် မိုင်းဆွဲတိုက်ခိုက်မှုဖြစ်

0
6110

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအဝင် ထားဝယ်-မြိတ် ကားလမ်းတွင် စစ်ကောင်စီတပ်ကားတစ်စီး ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ် သွားကားလမ်းပေါ်တွင် ဆေးဖြင့်ရေးထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပုံတူပန်းချီနှင့် တပ်ပျက်နေပြီဟူသောစာသားကို ဆင်းဖျက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ကျွန်တော်တို့လည်း ဖြစ်တာနဲ့ချက်ချင်း မထွက်ကြည့်ရဲဘူးပေါ့နော်၊ မိုင်းသံတော့ ကြားတယ်၊ သုံးလုံး လေးလုံးလောက်ရှိမယ်ထင်တယ်၊ အသံကျယ်ကြီးပဲ”ဟု သရက်နှစ်ခွရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် ကားလမ်းတစ်လျှောက် သေနတ်သံများ မိနစ် ၃၀ ခန့်ဆူညံစွာထွက်ပေါ်ခဲ့ပြီး ရွာထဲသို့လည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခု နေ့လယ် ၁၁ နာရီခွဲထိတောင်မှ သေနတ်သံ တစ်ချက်စနှစ်ချက်စ ပစ်နေသေးတယ်” ဟု ၎င်းက ဆိုသည်။

သရက်ချောင်းဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကားကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။