တောင်ပျောက်တိုက်နယ် ကျွဲခြံရွာသားတစ်ဦး ပစ်သတ်ခံရ

0
2806

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာသား အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ကျွဲခြံရွာသားအချို့က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက် နံနက် ၆ နာရီခန့်က ဝင်းကဖော်ကျေးရွာ တံတားထိပ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့က ဦးမြင့်စိုး ဆိုသူအပါအဝင် ဒေသခံခြောက်ဦးခန့်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။

စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် ဦးမြင့်စိုး ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာ ပေါင်တွင် ကျည်တစ်ချက်၊ ရင်ဘတ်တွင် ကျည်တစ်ချက်ထိမှန်ကြောင်း ကျွဲခြံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ထိုင်ခိုင်းထားတဲ့ကြားထဲက သူထွက်ပြေးတယ်ပြောတယ်။ သူ့ကို မလှမ်းမကမ်းမှာပဲ နှစ်ချက်ပစ်သတ်လိုက်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ကျန်ဒေသခံများကို ပြန်လွတ်ပေးခဲ့ပြီး ဒဏ်ရာရနေသည့် ဦးမြင့်စိုးကို သဲချောင်းကြီးရဲကင်းစခန်းကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားကြောင်း ပြန်လွတ်လာသူအချို့၏ ပြောဆိုချက်ကို အခြေခံကာ ၎င်းက ပြန်လည်ပြောဆိုသည်။

ဦးမြင့်စိုးမှာ ကားပေါ်တွင်ပင် မျက်စိပင် မဖွင့်နိုင်တော့သည့် အခြေအနေဖြစ်ပြီး သဲချောင်းကြီး ရဲကင်းစခန်း အရောက်တွင် သွေးထွက်လွန်ကာ သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်သည် သဲချောင်းကြီးရဲကင်းစခန်းမှ ကျွဲခြံ၊ ဝင်းကဖော်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် ဦးမြင့်စိုးမှာ ရွာတွင် မနေရဲသဖြင့် ဆွေမျိုးများရှိရာ အခြားနေရာတွင် သွားရောက်နေထိုင်နေသူဖြစ်ကြောင်း ကျွဲခြံရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းသီးရာသီဖြစ်သဖြင့် ကွမ်းသီးလုပ်ငန်းလုပ်ရန် ကျွဲခြံရွာကို ပြန်လာစဉ် ဝင်းကဖော်တံတားတွင် ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် ခုနစ်ဦးခန့်က ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

ယင်းနေရာတွင် ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ဆိုင်ကယ် မရပ်ပေးပါက သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

တောင်ပျောက်တိုက်နယ်သို့ ဝင်ထွက်သည့် လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်က ဂိတ်စခန်းချကာ ပိတ်ဆို့ထားပြီး တောင်ပျောက်တိုက်နယ်အတွင်းကိုလည်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပါက ဒေသခံပြည်သူများမှာ တိုက်ပွဲနှင့် လွတ်ရာနေရာများသို့ သွားရောက်တိမ်းရှောင်ကြရသည်။

သဲချောင်းကြီးရဲကင်းစခန်းက ပစ်သော လက်နက်ကြီးမှာ ကျွဲခြံရွာထဲရှိ လူနေသည့်နေရာများ၊ ဘုန်းကြီးကျောင်းဝင်း ထဲအထိ လာကျခြင်းရှိသလို ဝင်းကဖော်ရွာနှင့် ဥယျာဉ်ခြံများ တောတောင်များအတွင်းကို ကျရောက်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။