အလှူတွင် ဓားပြတိုက်၊ ဧည့်သည်များ၏ လက်ဝတ်ရတနာများပါ လုယူခံရ

0
5945

ရေဖြူမြို့နယ်၊ ဇီးကျရွာရှိ နေအိမ်တစ်ခုတွင် အိမ်နီးချင်းများဖိတ်ကာ အလှူလုပ်နေစဉ် ဓားပြတိုက်ခံရပြီး ဧည့်သည်များ၏ လက်ဝတ်ရတနာများ အပါအဝင် ငွေသားကျပ် သိန်းရှစ်ဆယ်ကျော် လုယူခံရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ (စက်တင်ဘာ ၂၀ )ညနေ လေးနာရီကျော်ခန့်က အိမ်နီးနားချင်းများနှင့် ဆွေမျိုးများဖိတ်ကာ မုန့်လက်သုပ်ဖြင့် ဧည့်ခံနေစဉ်တွင် သေနတ်ကိုင်ထားသည့် မျက်နှာဖုံး(နှာခေါင်းစီး)တပ် အမျိုးသားသုံးဦးက ဓါးပြတိုက်သွားခြင်းဖြစ်သည်။

“သူ့ (အတိုက်ခံရသည့်အိမ်ရှင်)အိမ်မှာ ဒီနေ့ထားဝယ်မုန့်လက်သုပ်လှူနေတယ်။ အဲဒီအချိန်မှာပဲ လူသုံးဦးက လူတစ်ယောက်ရဲ့ နာမည်လာမေးတယ်။ ထားဝယ်အသံကြားတော့ မုန့်လက်သုပ်လာစားလို့ခေါ်တာပေါ့ အထဲရောက်မှ ဓားပြမှန်းသိတယ်။ အဲဒီထဲမှာ ထားဝယ်သားက နှစ်ဦး ဗမာကတစ်ဦးပါတယ်”ဟု ၎င်းကပြောသည်။

ယင်းနောက် မုန့်လက်သုပ်လာစားသည့် ဆွေမျိုးတော်စပ်သူအချို့၏ မိုဘိုင်းဖုန်းများအပါဝင် လက်ဝတ်ရတာအချို့ကိုလည်း ယင်းဓားပြများက ယူဆောင်သွားခဲ့သည်။

ဓားပြတိုက်သွားသူများကို ဒေသခံများက သိရှိခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း Dawei watch အနေဖြင့် ရရှိခြင်းမရှိသေးပေ။

ဓားပြတိုက်ခံရသောနေအိမ်မှာ မိသားစုသုံးယောက်သာရှိပြီး နေအိမ်တွင် စတိုးဆိုင်ဖွင့်၍ ရေခဲသေတ္တာ၊တီဗီ၊ လျှစ်စစ်ပစ္စည်းများမှအစ လူသုံးကုန်းပစ္စည်းများ လက်လီလက်ကားရောင်းချနေသည်ဟုသိရသည်။

ဇီးကျရွာသည် ရေဖြူ ထားဝယ်ကားလမ်းမပေါ်တွင်တည်ရှိပြီး ထားဝယ်မြို့မှ ကိုးမိုင်ခန့်အကွာတွင်ရှိသည်။