တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိ၊ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်မပြုနိုင်သေး

0
2064

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်က ကိုဗစ်ဂေါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းစစ်ဆေးတွေ့ရှိသည့် ကိုဗစ်မှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲအသစ် ဟုတ်မဟုတ် အတည်မပြုမနိုင်ကြောင်း ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်  BA.4 နှင့် BA.5 ကူးစက်မှုစတင်တွေ့ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် ယင်းမျိုးကွဲသစ် ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိထားပြီး ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုရေဖြူမြို့တွင် စစ်ဆေးတွေ့ရှိသော ကိုဗစ်‌ရောဂါမှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ် ဟုတ်မဟုတ် သိရှိနိုင်ရန် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကို Dawei Watch ယနေ့ဆက်သွယ်မေးမြန်း ခဲ့ခြင်းဖြစ်သည်။

အသစ်ထွက်‌ပေါ်လာသော ကိုဗစ်မျိုးကွဲများအား ဓာတ်ခွဲစစ်ဆေးမူများကို ရန်ကုန်၊ မော်လမြိုင်မြို့တို့တွင်သာ စစ်ဆေးလေ့ရှိပြီးမှ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်လေ့ရှိသည်။

ယခုပိုးတွေ့လူနာကိုမူ ထားဝယ်မြို့တွင်သာ စစ်ဆေးထားခြင်းဖြစ်ပြီး ကိုဗစ်မျိုးကွဲအသစ်ဟုတ်မဟုတ် စစ်ဆေးရန် ညွန်ကြားချက်မရှိသဖြင့် လောလောဆယ် စစ်ဆေးရန် အစီအစဉ်မရှိကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုပိုးတွေ့လူနာကို ထားဝယ်မှာဒီအတိုင်းပဲစစ်တာဆိုတော့ ဘာအမျိုးအစားလဲဆိုတာ သီးသန့်ဓာတ်ခွဲခန်းထပ်ပို့ပြီးစစ်မှပဲ သိနိုင်မှာ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ယခုပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများကိုမူ လိုက်စစ်ဆေးထားပြီးဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာကိုမူ ရေဖြူပြည်သူ့ဆေးရုံတွင် ကုသမှုပေးနေကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းအိုမီခရွန်မျိုးကွဲသစ်မှာ ကူးစက်ခံရပါက နှာရည်ယို၊ ချောင်းဆိုး၊ မောပန်း၊ ခေါင်းကိုက်နှင့် ကြွက်သား နာကျင်မှုများ ပြင်းပြင်းထန်ထန် ခံစားရနိုင်သော်လည်း ယခင်ကကဲ့သို့ အရသာပျက်၊ အနံပျောက်မှု ဖြစ်ပွားခြင်း နည်းပါးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယခု BA.4 နှင့် BA.5 မှာ ယခင်အိုမီခရွန် မျိုးကွဲများထက် လူ့ကိုယ်ခံစွမ်းအားကို လေးဆ ပိုမိုတိုက်ခိုက်နိုင်ပြီး ယခင်က ကိုဗစ်ပိုးကူးစက်ခံရသူများတွင် ထပ်မံကူးစက်ခံရနိုင်ခြေ များကြောင်းလည်း ယင်းထုတ်ပြန်ချက်များအရသိရသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထုတ်ပြန်ချက်အရ တိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာမရှိသည်မှာ လအတန်ကြာနေပြီဖြစ်သည်။